မဟန (ငြိမ်း) ပဲခူးဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ ခြင်းအပေါ် စစ်ကောင်စီကို မန္တလေး သံဃသမဂ္ဂပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

နိုင်ငံတော် သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

၂၀၂၄-ခုနှစ်၊ ဇွန်လ၊ (၂၁)ရက်

၁။ ၂၀၂၄-ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသော ကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီးသည် ထိုအခင်းဖြစ်ရာ နေရာမှာပင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သော ကန်သုံးဆင့်ဆရာတော်ကြီးက သံဃာတော်များရှေ့မှောက် ပြန်လည်၍ မိန့်ကြားချက်အရ သိရှိရပါသဖြင့် သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် လွန်စွာ ဝမ်းနည်း ကြေကွဲရပါသည်။

၂။ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအား လိမ်လည် လှည့်ဖြား၍ သတင်းအမှားများ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းပင် ၎င်းတို့ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

၃။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားခြင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် လွန်စွာ ကြီးမားလှသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေခဲ့ပါသည်။ ဆရာတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာသင်သား-တပည့်သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်သာမက ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်ရည်များနှင့် သာသနာတော်အတွက် ကြိုးစား အားထုတ်မှုတို့သည် သမိုင်းဝင် စံတန်ဖိုးထားရမည့်ပုဂ္ဂိုလ်ဖြစ်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူလူထုအား နေ့စဉ်နှင့်အမျှ လူသားမဆန်စွာ လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကာ ယခုကဲ့သို့ ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရသော သံဃနာယကဆရာတော်တစ်ပါးအား ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုသည် လွန်စွာ ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည့်အပြင် မိမိတို့ သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်အပ်ပါသည်။

သံဃသမဂ္ဂ(မန္တလေး)

21 Jun, 2024


Comments

Leave a Reply

Your email address will not be published. Required fields are marked *