ဆိပ်ဖြူတွင် စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ ကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – NSP မှ သတင်းပြန်ကြားရေးတာဝန်ခံ သူရိန်က ပြောကြားသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေး ရန် ထမ္မကောက်ကျေးရွာအထိုင်စခန်းမှ ‌အကြမ်းဖက်စစ်တပ် ရှေ့ကင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ဆိပ်ဖြူမြို့ပေါ်မှ ကပစ ၂၂ သို့ ထွက်လာသော ရိက္ခာတင်အကြမ်းဖက်စစ် ကား ၃ စီးကို ဆယ်မိုင် လမ်းဆုံ အကြမ်းဖက်စစ်တပ် ဂိတ်အနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးပြီး နေရာမှာပင် မြေ မြှုပ် သင်္ဂြိုလ်ပစ်ခဲ့ကြောင်း၊ နေပြည်တော်ဆေးရုံသို့ သယ်ဆောင်သွားသည့်စစ်သားများအနက် ၃ ဦး ထက်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူကနေ ကပစ ၂၂ ကို ကားတွေထွက်လာတဲ့ကားတွေကို ထမ္မကောက်မှာရှိတဲ့ စခတွေကနေ ရှေ့ ကင်းထွက်လာတာ၊ အဲဒီအချိန်မှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ အဲဒီတိုက်ပွဲ မှာက ရဲဘော်တစ်ဦးကျတာ၊ အပြန်အလှန်ပစ်ခတ်ရင်းပဲ ကျဆုံးသွားရတာပါ။ သေတဲ့အထဲမှာ အမျိုး သမီးစစ်သည်တွေပါ သေတာလို့ သတင်းရတယ်။ ကျနော်တို့ကတော့ ရှိတဲ့အင်အားနဲ့ ရှိတဲ့လက်နက် ခဲယမ်းနဲ့တော်လှန်ရေးကို ရှေ့ဆက်နေမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ထောက်ပံ့ကူ ညီပေးပါလို့‌မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – NSP မှ သတင်းပြန်ကြားရေးတာဝန်ခံ သူရိန်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) နှင့် ပခုက္ကူ ခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ နွားကျောင်းရင်း ကင်းလှည့်ထွက်လာသည့် စစ်သားတစ်ဦး မိုင်းထိကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ အကြမ်းဖက်စစ်သား တစ်ဦးသည် နွားကျောင်းသားဟန်ဆောင်ကာ နယ်မြေကင်းလှည့်စဉ် ဆိပ်ဖြူမြို့မြောက်ပိုင်း တပ်ရင်း ၄ မှ မုန်တိုင်းအဖွဲ့နှင့် တကိုယ်တော်ကျားဆိုးတို့ပူးပေါင်းကာ ထောင်ထားသည့် မိုင်းကို တက်နင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိကာ ကပစ ၂၂ တပ်ရင်းအတွင်း ဆေးကုသနေကြောင်း သိရသည်။

“ကပစ ၂၂ က စခတစ်ဦး နွားကျောင်းရင်း ကင်းပတ်တာ မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရသွား တယ်၊ သူတို့ ကပစ ၂၂ ထဲမှာ ဆေးကုနေတယ်၊ မိုင်းထောင်တဲ့နေရာက ကပစ ၂၂ ရဲ့အစပ်နေရာမှာ ပဲ။ နွားအုပ်နဲ့ ကင်းပတ်တာကို နွားတွေတော့ မထိဘူး။ စခပဲ နင်းမိတာ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *