ချင်းညီနောင် ရလိုက်သည့် မတူပီတပ်စခန်း အရေးပါဟု CDM အရာရှိများ သုံးသပ်

ဇွန်လ ၁၇ ရက်နေ့က ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များသိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှ စစ်ကောင်စီ၏ အမှတ် (၃၀၄) ခြေမြန်တပ်ရင်းသည် ဒေသတွင်း စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်အရာရှိများက ပြောသည်။

၈ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရသည့် ထိုစခန်းသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများအနက် တော်လှန်ရေးတပ်များ ပထမဆုံး သိမ်းဆည်းနိုင်ခဲ့သည့် တပ်ရင်းစခန်းတစ်ခုလည်းဖြစ်သည်။

၎င်းက အဆိုပါတပ်ရင်းသည် မတူပီမြို့၏ အမြင့်ဆုံးဟု ဆိုနိုင်သော နေရာတွင် တည်ရှိသလို အရေးကြီးလက်နက်များ တပ်ဆင်ထားခဲ့သည်ကို တွေ့ရသည်ဟု ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။

ထိုစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များထဲတွင် ဟောင်ဝစ်ဇာအမြောက်၊ ၁၂၀ မမ စိန်ပြောင်း၊ အခြားအမျိုးအစားစိန်ပြောင်းတို့ ပါဝင်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည့် ပုံများတွင် တွေ့ရသည်။

စစ်ကောင်စီတပ်သည် တပ်ရင်းဌာနချုပ်တိုင်းတွင် ဟောင်ဝစ်ဇာအမြောက် ထားလေ့မရှိပေ။

မတူပီမြို့တွင် စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) လက်အောက်ခံ ခမရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်းတို့ အခြေစိုက်သည်။

ချင်းညီနောင်အဖွဲ့သိမ်းလိုက်သည့် ခမရ (၃၀၄) သည် မတူပီမြို့တောင်ဘက်အထွက်တွင် တည်ရှိပြီး ကျန်းစခန်းနှစ်ခုသည် မတူပီမြို့မြောက်ဘက် အထွက်တွင် တည်ရှိသည်။

စစ်ကောင်စီတပ် သုံးတတ်သည့် စစ်မြေပုံပါအချက်အလက်အရ စစ်ဗျူဟာကုန်းရှိရာ မတူပီမြောက်ဘက်မှ တောင်ကြောသည် မီတာ ၁၃၂၄ အမြင့်ရှိပြီး ခမရ (၃၀၄) တပ်ရှိရာ တောင်ကြောသည် မီတာ ၁၆၂၇ အမြင့်ရှိသည်။

ထို့ကြောင့် ခမရ (၃၀၄) တပ်ရင်းသည် စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခလရ (၁၄၀) ထက်ပိုမြင့်ပြီး မတူပီမြို့ကို အပေါ်စီးက မြင်နိုင်သည့် အခြေအနေရှိကြောင်း ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။

ထို့ပြင် ခမရ (၃၀၄) တပ်ရင်းသည် ပလက်ဝ-မတူပီ ကားလမ်းနှင့် မင်းတပ်-မတူပီကားလမ်း ၂ ခုကြား တောင်ကုန်းပေါ်တွင် တည်ရှိပြီး အဆိုပါကားလမ်း ၂ ခုကို ထိန်းချုပ်ထားသည့် တပ်လည်းဖြစ်ကြောင်း Google Earth ဂြိုဟ်တုဓာတ်ပုံတွင် တွေ့နိုင်သည်။

ဗိုလ်ကြီးကောင်းသူဝင်းက စစ်ကောင်စီတပ်သည် ဟောင်ဝစ်ဇာအမြောက် ၁ လက်၊ ၁၂၀ မမ လက်နက်ကြီး ၁ လက်ကို ခမရ (၃၀၄) တွင် တပ်ဆင်ထားသည်ကို ကြည့်ပါက ခမရ (၃၀၄) တပ်၏ အရေးပါမှုကို မြင်နိုင်ကြောင်း ဆိုသည်။

“ဗျူဟာကုန်းနဲ့ ၁၄၀ က တစ်ဆက်တည်းရှိတာကိုး။ တစ်ဆက်တည်းရှိတာဆိုတော့ လက်နက်ကြီးနဲ့ ပစ်တာဖြစ်ဖြစ်၊ ဒရုန်းတွေနဲ့ပစ်တာဖြစ်ဖြစ် စစ်ဗျူဟာအရ အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း တပ်ရင်းဌာနချုပ်များတွင် ထားလေ့မရှိသည့် ဟောင်ဝစ်ဇာအမြောက်ကို ခမရ (၃၀၄) တွင် ထားထားခြင်းသည် ခုခံရေး၌ ပစ်ကူပေးနိုင်ရန် ဖြစ်နိုင်ကြောင်း ဆိုသည်။

“ဟောင်ဝစ်ဇာတွေကို ထားတာက အမြောက်တပ်လိုနေရာမျိုးတွေရယ်၊ တပ်မဌာနချုပ်ရှေ့တန်းစခန်းတို့ တပ်မဌာနချုပ်တို့မှာပဲ ထားတာ။ အခုတစ်ခေါက်သိမ်းဆည်းရမိတာသည် တပ်ရင်းဌာနချုပ်တွေရဲ့ ခံစစ်ပြင်ဆင်မှု အထောက်အကူပြုဖို့အတွက် ဒီတပ်ရင်းကို ပေးထားတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ ကိုဇင်ယော်ကလည်း ချင်းတော်လှန်ရေးတပ်များအနေနှင့် ခမရ (၃၀၄) ကို အခြေပြု၍ ဆက်လက်ထိုးစစ်ဆင်မည်ဆိုပါက စစ်ဗျူဟာအခြေချနှင့် ခလရ (၁၄၀) ကို ရနိုင်ဖွယ်ရှိကြောင်း ပြောသည်။

“ကျန်တဲ့ ခလရ (၁၄၀) ကလည်း အခုသိမ်းလိုက်တဲ့တပ်လောက်တောင် အင်အားမရှိဘူး။ စဗခ မတူပီအတွက် အရေးကြီးတဲ့နေရာ အချက်အချာကျတဲ့ ခမရ (၃၀၄) ကို ဆုံးရှုံးလိုက်ရပြီလို့ ပြောလို့ရပါတယ်။ မတူပီပတ်ဝန်းကျင်ကို စိုးမိုးထားရာကနေ သူတို့ရဲ့ အခြေချစစ်ဗျူဟာ ပါမသွားနိုင်အောင်အထိ ရုန်းကန်ရတော့မယ်” ဟု ၎င်းက ဆိုသည်။

မတူပီမြောက်ဘက်တွင် ရှိသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းတွင် ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် ကွင်း ၂ ခုရှိသည်။

ချင်းညီနောင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း မတူပီမြို့ရှိ ဌာနဆိုင်ရာ ရုံးများကို ချင်းညီနောင်နှင့် မဟာမိတ်များက သိမ်းပိုက် ထိန်းချုပ်ထားပြီး မတူပီဗျူဟာကုန်းနှင့် ခလရ (၁၄၀) ကိုသာ အပြီးတိုက်ရန် ကျန်ကြောင်း၊ အဆိုပါ စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ပါက မတူပီမြို့တွင် စစ်ကောင်စီတပ်ကင်းစင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပြည်နယ်တောင်ဘက်တွင် စစ်ကောင်စီတပ်သည် တပ်ရင်းဌာနချုပ်တစ်ခု ဆုံးရှုံးထားသော်လည်း ပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် PDF Zoland သိမ်းထားသည့် ကနေဒီတောင်စခန်းကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ကာ ဇွန်လ ၁၈ ရက်တွင် ပြန်သိမ်းလိုက်ကြောင်း စစ်ကောင်စီထောက်ခံသူများက ရေးသား ဖော်ပြနေကြသည်။

ချင်းညီနောင်အဖွဲ့သည် မတူပီတွင် စစ်ကောင်စီတပ်နှင့် တိုက်နေရသလို အခြားတစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီ လက်အောက်ခံတပ်များနှင့် စစ်ဆိုင်ထားရသည်။

ချင်းပြည်ကောင်စီ လက်အောက်ခံ ချင်းအမျိုးသားတပ် (CNA) နှင့် မဟာမိတ်များက ချင်းညီနောင်အဖွဲ့ကို မတူပီမြို့နယ်တွင် ဇွန်လ ၁၈ ရက်နေ့က တိုက်ခိုက်သဖြင့် ချင်းညီနောင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရထားသည်။

ချင်းညီနောင်အဖွဲ့က တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ထားပြီး ခုခံတွန်းလှန်မည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ဖြစ်သည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။

မတူပီတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ဘက်က အာရက္ခတပ်တော် (AA) ၊ ယောတပ် (Yaw Army) နှင့် စစ်ကိုင်းတိုင်းအခြေစိုက် ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *