စားအုန်းဆီဝယ်ယူသူများကို လက်ဗွေရာပုံစံရယူရန် စစ်ကောင်စီတောင်းယူ

စစ်ကောင်စီက စားအုန်းဆီဝယ်ယူသူများကို မှတ်ပုံတင်နှင့် ဖုန်းနံပတ်အပြင် လက်ဗွေရာပုံစံပါရယူရမည်ဟု ဆီရောင်းချသူများအား ညွန့်ကြားထားကြောင်း အဆိုပါဆိုင်ရှင်များက ပြောသည်။

လက်ဗွေရာပုံစံမယူနိုင်သည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရပ်ဆိုင်းဖြစ်ပြီး ယူနိုင်သည့် ဆိုင်များကို ဆီပိုပေးမည်ဟုလည်း စစ်ကောင်စီက ညွှန်ကြားထားသည်။

” ၅၀သား ရဖို့ မနက် ၃နာရီခွဲ၊ ၄ နာရီတည်းက တန်းစီရတယ်။ ဆီက ၅၀သားဆိုပေမယ့် ၄၀သားလောက်ပဲရတယ်။ အပြည့်အဝ မရဘူး။ ဒါကလူတိုင်းဝယ်လို့ မရဘူး။ တန်းစီပြီး မှတ်ပုံတင်ပါရတယ်”ဟု ရန်ကုန်မြို့မှ ဆီဝယ်ယူခဲ့သူ အိမ်ရှင်မတစ်ဦးက ပြောသည်။

ပြင်ပပေါက်ဈေးတွင် စားအုန်းဆီ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ အထက်ရှိလာပြီး တချို့ဒေသများတွင် စားအုံးဆီ တစ်ပိဿာ ကျပ် ၁၅,၀၀၀ အထိမြင့်တက်လာသည်။

စားအုန်းဆီဈေးမြင့်တက်လာချိန်တွင် စစ်ကောင်စီက စားအုံးဆီတစ်ပိဿာကို ကျပ် ၅,၀၀၀မှ ၆,၀၀၀ ကြားဖြင့်ရောင်းချနေပြီး လူတစ်ဦးကို အများဆုံး ၅၀ကျပ်သားသာ ရောင်းချနေခြင်းဖြစ်သည်။

စစ်ကောင်စီက ဆီဝယ်ယူရာတွင် တစ်ရက်နှင့် တစ်ရက် လူမထပ်အောင် ရောင်းချပေးရမည်ဟုလည်း ကန့်သတ်ထားသည်။ ရောင်းချသည့် စာရင်းများကို စစ်ကောင်စီထံတင်ပြရမည်ဟုလည်း ဆိုသည်။

(ရန်ကုန်မြို့တွင် စားအုန်းဆီဝယ်ယူရန် တန်းစီနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *