ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေ

ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ်

မြန်မာဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဘုရင့်နောင်ဆန်ကုန် စည်ဒိုင် ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ ခေါ်ယူ ထိန်းသိမ်းခံထားရ

မြန်မာနိုင်ငံတွင် ဆန်စျေးနှုန်းကြီးမြင့်စေရေးအတွက် ဝိသမလောဘ စီးပွားရေး သမားများက လုပ် ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး ဆန်စက်များ၊ ပွဲရုံများကိုပါ လိုက်လံ ချိတ်ပိတ်နေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောဆိုကြသည်။

ဇွန်လ ၂၀ ရက်နေ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦးမင်းမင်းက ဆန်ကုန်သည်များနှင့် ဆန်စပါးလုပ်ငန်းရှင်များကို Zoom မှတစ်ဆင့် အစည်း အဝေး လုပ်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ဆန်ကုန်သည်တွေ၊ ဆန်စက်လုပ်ငန်းရှင်တွေ တော်တော်များကို လိုက် ဖမ်းတယ်။ မနေ့ မနက်ပိုင်း ဆန် စက်ပိုင်ရှင်တွေကို ဖမ်းဆီးပြီး ညနေပိုင်းနဲ့ညဘက်မှာ ဆန်စက်နဲ့ ဂိုဒေါင်တွေကိုပါ ချိတ်ပိတ်သွားပါတယ်။ မနက်ပိုင်းမှာ ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေကို ဖမ်းတယ်။ မနေ့ ည ၁၁ နာရီကျော်မှာ လိုက်ပြီးတော့ ချိတ်ပိတ်တာ။ အဓိကတော့ အမြတ်တင်ရောင်းတယ်။ စျေးနှုန်းကြီးမြင့်အောင် သိုလှောင်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အမေးမြန်း မရှိ ဝင်ဖမ်းသွားတယ်” ဟု ဆန်စပါး လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာ၀တီတိုင်းအတွင်းမှ ဆန်ကုန်သည်နှင့် ဆန်စပါး လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အခြားသော တိုင်းဒေသကြီးမှ ဆန်ကုန်သည်နှင့်ဆန်စက်များကို လည်း ဆက်လည် ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော Khit Thit သတင်းဌာန ရရှိထားသော စာရင်းများအရ ဖမ်းဆီးခံရသော ဆန်စက်ပိုင်ရှင်နှင့် ချိတ်ပိတ်ခံရသော ဆန်စက်နှင့် ဂိုဒေါင်များ၊ ပွဲရုံများမှာ လှိုင်သာယာမြို့နယ်မှ ရွှေလဝန်း ဆန်စက်ရုံ အပါအဝင် ဆန်စက်နှင့်ဂိုဒေါင် ၁၀ ခု၊ ဒေးဒရဲမြို့နယ်မှ မိဘမေတ္တာ ၂ ဆန်စက်နှင့် ဆန်ဂိုဒေါင်များ၊ Goody ဆန်စက်တို့ကို လည်းကောင်း ၊ ဘုရင့်နောင်ပွဲရုံမှ ဆန်ပွဲရုံများကိုလည်းကောင်း ဖမ်းဆီးမှုများ၊ ချိတ်ပိတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဆန်စပါးကုန်စည် ဒိုင်(ဘုရင့်နောင်) ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ကို အစည်း အဝေး တက်ရန်ရှိသည်ဟု နေပြည်တော်သို့ စစ်ကောင်စီက ဖိတ်ကြားပြီး ပြန်မလွှတ်တော့ဘဲ ခေါ်ယူ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ယခုနောက်ဆုံးရရှိထားသော သတင်းများအရ ဇွန်လ ၂၁ ရက်နေ့ည ၁၁ နာရီအချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်ပွဲရုံ ၃ ခုထက်မနည်းကို စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ချိတ်ပိတ်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် မိုခါ မုန်တိုင်းသင့် ရခိုင်ဒေသသို့ ဆန်အိတ်များ တင်ပို့ရန် သယ်ယူနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *