စုကလိစခန်းသိမ်းတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိဟု KNU ထုတ်ပြန်

ကော့ကရိတ်အရှေ့ဘက်မှ စုကလိစခန်းသိမ်းတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိဟု KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အရှေ့ခြမ်းမှ စုကလိမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၁ ရက်နေ့က အပြီးသတ်သိမ်းပိုက်ပြီး သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြားရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဇွန် ၂၃) တွင် သတင်းထုတ်ပြန်သည်။

ထိုစခန်းသည် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၆၀) မှ ဗိုလ်မှူးကြီး၀ဏ္ဏတိုးနှင့် ဒုတိယဗိုလ်မှူးကြီးသူရိန်ဦးတို့ ဦးဆောင်ကွပ်ကဲနေသောစခန်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ကို လက်နက်ချရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၅ မှ မတ်လ ၃၀ ရက်နေ့အထိ ၅ ရက်တိုင် စာဖြင့် အကြိမ်ကြိမ်အသိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

စခန်းကို ဇွန်လ ၁၇ ရက်နေ့ နံနက်တွင် စတင်တိုက်ခိုက်ပြီး ၅ ရက်အကြာ ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။

သိမ်းဆည်းရရှိသော MA စီးရီးရိုင်ဖယ်များ၊ စက်လက်၊ စိန်ပြောင်း၊ ကျည်ဆန် စသည့် လက်နက်ခဲယမ်းအများအပြားကို ဓာတ်ပုံများနှင့်တကွ KNU က ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေ၊ အများအပြားဒဏ်ရာရကာ ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည်၊ ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

၎င်းတို့ တော်လှန်ရေးပူးပေါင်းတပ်ဘက်တွင်လည်း ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *