ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ

မြင်းခြံမြို့နယ်တွင် ဆခမကျေးရွာကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ၊ စစ်လော်ဘီများက PDF က ပစ်ခတ်သည်ဟု လိမ်လည်ပြန်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆခမ ကျေးရွာမှ ဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူသွားကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မြင်းခြံမြို့နယ် ၊မြို့ပတ်လမ်း၊မောင်ရင်မောင်နှင့် ဆခမ အကြားတွင် ကင်းပုန်းဝပ်နေသည့်စစ်တပ်က ဆခမကျောင်းဆရာတော်လိုက်ပါသော လူမှုကူညီရေးအသင်းကားကို ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း၊ ဆရာတော်က ကျေးရွာမှ အရေး ကြီးလူနာကို မြင်းခြံမြို့သို့ လာရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာမှာရှိတဲ့ လူနာက အရေးကြီးနေတော့ ဘုန်းဘုန်းက သူကိုယ်တိုင်လိုက်ပို့တာ။ မြင်းခြံ မြို့အထွက် ဂိတ် လေး မှာတင် အပစ်ခံလိုက်ရတယ်။ ကားမှာလည်း လူမှု ကူညီရေးအသင်း တံဆိပ်လည်းပါပါတယ်။ ဆရာတော်ကိုယ်တိုင် ရှေ့ခန်းမှာ ထိုင်ပြီးကို လိုက်ပို့တာပါ။ အချိန်ကလည်း ည ၉နာရီခွဲလောက်ပဲ ရှိသေးတယ်။ ဘုန်းဘုန်းက ရွာမှာ အရေးကြီးလူနာရှိရင် ဒကာတွေ အန္တရာယ် ဖြစ်မှာ စိုးရိမ်လို့ သူကိုယ်တိုင် အမြဲလိုက်ပို့ပေးလေ့ရှိပါတယ်။ အခုတော့ စစ်တပ်က ပစ်ခတ်လို့ ဆရာတော်ပျံလွန်တော်မူသွားပါပြီ” ဟု ဒေသခံပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီထောက်ခံသော လော်ဘီ Myanmar National Post ၊ People Media များ အပါအဝင် စစ်လော်ဘီ တယ်လီဂရမ်ကမူ PDF ကပစ်ခတ်၍ ဆရာတော် ပျံလွန်တော်မူကြောင်း ဆရာတော် ပျံလွန်တော်မူသောဓာတ်ပုံနှင့်တကွ လိမ်လည် သတင်းရေးသားဖော်ပြလာကြောင်း ဒေသပြည်သူများက ရှင်းလင်းပြောဆိုကြသည်။

မြင်းခြံအခြေစိုက် Myingyan Black Tiger PDF တပ်ဖွဲ့က ဆခမ ဆရာတော် ဦးဥတ္တမ လူနာလာပို့စဉ် စစ်တပ်က ပစ်သတ်ခြင်းဖြစ်ပြီး မိမိတို့အဖွဲ့နှင့် မည်သို့မှ လုံး၀ (လုံး၀) မသက်ဆိုင်ကြောင်း၊ Myingyan Black Tiger (MBT) အနေ ဖြင့် ယခုရက်ပိုင်းအတွင်း မြင်းခြံနှင့် နီးနီးကပ်ကပ်ရှိမနေဘဲ စစ်ရေး လှုပ်ရှားမှုလည်း မရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်လော်ဘီများသည် ဇွန်လ ၁၉ ရက်နေ့ မန္တ လေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ချိန်ကလည်း PDF က ပစ်ခတ်သည်ဟု လိမ်လည် သတင်းဖော်ပြခဲ့ကြသော်လည်း မျက်မြင် သက် သေ ကန်သုံးဆင့်ဆရာတော်က စစ်တပ်က ပစ်ခတ်ကြောင်း ထုတ်ပြန်ပြောဆိုပြီးနောက် ဖြစ်စဉ်အမှန် ပေါ်ပေါက်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *