တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်

တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ်ကြောင်း ပျက်သွား၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အဆက်အသွယ် ပြတ်တောက်နေ

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ် ကြောင်း ပျက်သည်အထိ ကစဉ့်ကလျား ဖြစ်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တောင်ကုတ် ၊ နေပူတောင်အနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ရာမှ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် တောင်ကုတ်မြို့နယ်တွင် စစ်အင်အားဖြည့်တင်းရန်သွားသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

“တောင်ကုတ်မြို့အထွက် နေပူတောင်နဲ့ဒိုးနွယ်စမ်းရွာအကြားမှာ စစ်ကူသွားတဲ့ စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရတာပါ။ ၆၀ ကျော်လောက်တော့ ကျဆုံးပါတယ်။ ကျန်တဲ့စစ်သည်တွေပါ အဆက် အသွယ်ပြတ်နေတယ်။ သွားတာက တောင်ကုတ် ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကူစစ်ကြောင်းပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

တောင်ကုတ်မြို့တွင် စစ်တပ်က ခံစစ်ပြင်နေပြီး ​တောင်ကုတ်တက္ကသိုလ်အပါ အဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်း သိရှိရသည်။

ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *