ပြည်ပခရီးသွား ၆၃ ရာခိုင်နှုန်း တိုးတက်လာဟု စစ်ကောင်စီ ဆို

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ယခုနှစ် ဇန်နဝါရီမှ မေလအထိ ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းထိ သိသိသာသာ တိုးတက်လာခဲ့သည်ဟု အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ရပ်နားထားခဲ့ရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၂၈ သန်းရှိခဲ့ရာ ၂၀၂၂ ခုနှစ် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃သောင်းကျော်နှင့် နှိုင်းယှဉ်ပါက ၄ ဆခွဲခန့်တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလကုန်ထိ ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

မန္တလေးမြို့ခံ ခရီးသွားလုပ်ငန်းနှင့် စကားပြန်တဦးဖြစ်သူ ဦးဝေလင်းက “ခရီးသွားလုပ်ငန်းတိုးတက်လာတယ်ဆိုတာ စာရွက်ပေါ်မှာပဲ ဖြစ်လိမ့်မယ်ဗျ၊ အောက်ခြေမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေ လုပ်ငန်းရှင်တွေတော်တော်များများ အဆင်မပြေကြဘူးဆိုတာမျိုးပဲ ကြားနေ သိနေရတာပါ၊ လက်ရှိမှာ Tourတွေ မရှိတာမျိုးတော့ မဟုတ်ပေမယ့် အနောက်ဥရောပဘက်က မလာသလောက်ကို နည်းတယ်၊တွေ့နေရတာတွေက တရုတ်နဲ့ ရှရှားတွေ များတယ်၊ လက်ရှိ စစ်ဖြစ်နေတာနဲ့ ဆန်ရှင်တွေကြောင့် နိုင်ငံတကာခရီးသွားတွေ မရှိသလောက် နည်းနေပါသေးတယ်၊ ကျနော်ဆိုရင် ကိုဗစ်ကတည်းက Tour မလိုက်ရတာ အခုအချိန်ထိပဲ”ဟု ပြောသည်။

ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာအသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေးချေမှုတွင် အွန်လိုင်းအသုံးပြုပြီး Cashless Payment စနစ်ဖြင့် ဆောင်ရွက်ရန်၊ MSMEs လုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန်ကိုလည်း ကာလရှည်ရည်မှန်းချက်ထားရှိဆောင်ရွက်ရန်လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *