အင်းစိန်ထောင်မှ အကျဉ်းသားများ ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊

အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်များကို ပြောင်းရွှေ့၊ စစ်ဆင်ရေး တစ်ရပ်အသွင် ထောင်ပြောင်းရွှေ့နေ

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ခရီးသည်တင်ကား ၅ စီးဖြင့် ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခရီးသည်တင်ကား ၅ စီးဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ခန့်မှန်းအင်အား ၂၅၀ လောက်ပြောင်းသွားတာ သိရပေမယ့် အသေးစိတ်အချက်အလက်တွေ စုံစမ်းနေတုန်းပါ။ ဒါက သောကြာနေ့လို့ ညသန်းခေါင်မျိုး၊ စနေ တနင်္ဂနွေလို လူတွေ အကျဉ်းထောင်နားမှာ မရှိတဲ့ ပိတ်ရက်မျိုးမှာ အကျဉ်းသားတွေကို ရွှေ့ပြောင်းတာက အကြမ်းဖက်စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနက စစ်ဆင်ရေးတစ်ရပ်အနေနဲ လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့ယူဆပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဇွန်လ တစ်လတည်းတွင် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နှင့် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ဖိနှိပ်ခံ အကျဉ်းသားများဘက်က ရပ်တည်သူများကို ပစ်မှတ်ထား၍ mission တစ်ခုကဲ့သို့ စစ်ဆင်ရေး တစ်ရပ်အသွင် လုပ်ဆောင်ကာ ထောင်ပြောင်းရွှေ့နေခြင်း ဖြစ်ကြောင်း ၊ အကျဉ်းထောင်များကို ပို၍ အာရုံစိုက်ရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *