KIA ထိုးစစ်ဆင်နေသည့် စတပ်စခန်းသုံးခုအနက် ဝှေလုံစခန်းကို ယနေ့ သိမ်းပိုက်

ဖားကန့်ဒေသအတွင်း KIA ထိုးစစ်ဆင်နေသည့် စတပ်စခန်းသုံးခုအနက် ဝှေလုံစခန်းကို ယနေ့ သိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေလုံတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(ဇွန်လ ၂၃ရက်) ညပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ရေးအရ အရေးပါသည့် ဖားကန့် – အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် နံနက်အစောတွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းများအနက် ဝှေလုံတပ်စခန်းကို ဇွန်လ ၂၃ရက် ည ၆နာရီ ၄၅ မိနစ် ခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဝှေလုံ စခန်းကို ငါတို့ KIA ပူးပေါင်းတပ်ဖွဲ့က အပြီးအစီး တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ ညောင်ပင်စခန်းနဲ့ ချောင်း၀စခန်းကို ဆက်လက်တိုက်ခိုက်နေတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ် သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများ စာရင်းမသိရသေးဟု သတင်းရင်းမြစ်ကပြောသည်။

အဆိုပါတပ်စခန်းများကို KIAက တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ကပြောသည်။

KIA အနေဖြင့် ဇွန်လ ၁၁ရက်တွင် ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာအပါအဝင် တပ်စခန်း ၁၈ခုကို တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ချီဖွေဘက်ရှိ စစ်စခန်းအချို့ သိမ်းပိုက် ခဲ့ပြီး ဇွန်လ ၂၂ရက်တွင် ဖားကန့်-အင်းတော်ကြီးဒေသ စစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်လာခြင်းဖြစ်သည်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – AFP)


Comments

Leave a Reply

Your email address will not be published. Required fields are marked *