တောင်ကုတ်မြို့မှထွက်ပြေးသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ တိုက်ပွဲများပြင်းထန်နေစဉ် ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိကို စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ပိတ်ဆို့ဖမ်းဆီးလိုက်သည်။

တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ကို တောင် ကုတ်မြို့အထွက် စစ်စစ်ရေးဂိတ်တွင် ‌ဇွန်လ ၁၈ရက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

” ထွက်ပြေးတာဗျ။ ဂိတ်ကိုကျတော့ ဌာနတာဝန်ပုံစံမျိုးနဲ့ ဖြတ်တာ။ ဒါပေမယ့် သူတို့ရဲ့လက်အောက်ငယ်သားက စစ်တပ်ဂိတ်ကိုလှမ်းတိုင်လိုက်တာ”ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

ဦးဇာနည်တိုးနှင့် ဦးမောင်စိန်တို့နှစ်ဦးကို မည် သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမသိရသေးဘဲ ဖမ်းဆီးခံရပြီး ငါးရက်အအကြာ ယနေ့(ဇွန်လ ၂၃ ရက်)အထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း မြို့ပတ်ဝန်းကျင်၌ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ စစ်ရေးတင်းမာနေသည်။

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဆက်သွယ်ထားသည့် တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်းတွင် ဇွန်လ ၂၀ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယင်းနေရာပတ်ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသတင်းများရှိသည်။

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နှင့်ထိဆက်နေသော တောင်ကုတ်မြို့တွင် ဇွန်လဆန်းမှစ၍ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ ဇွန်လ ၁၄ ရက်မှ စ၍ တောင်ကုတ်မြို့နယ် နေရာအချို့ကို စစ်ကောင်စီကလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁၅ ရက် နေ့လယ် ၁နာရီခန့်ကတောင်ကုတ်မြို့၊ မီးချောင်းထိုး၊ မောင်းကန်နှင့် ကင်းတောင်ကျေးရွာတို့ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ဇွန်လ ၁၇ ရက် နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ဇွန်လ ၁၈ ရက်နံနက် ၁၀ နာရီခန့်က တောင်ကုတ်မြို့နယ်၊ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်သုံး ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှစ၍ တောင်ကုတ်တက္ကသိုလ်အတွင်း ဝင်ရောက်တပ်စွဲထားသည်။ တောင်ကုတ်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများသည် စစ်ကောင်စီတပ်ရင်းများ၌ သွားရောက်ခိုလှုံနေကြသည်။

(တောင်ကုတ်မြို့ထွေအုပ်ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *