စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်

စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ဟု ချောင်းဦးမြို့မှ သပိတ်ဦး ဆောင် ဆရာတော် မိန့်ကြား

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်မှုအပေါ် စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်တွင်တစ်နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ထားကြောင်း ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရက မိန့်ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပစ်သတ်သော စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ကြောင်း သိရှိရသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို အဖြစ်မှန် မပေါ်မချင်း ဆက်လက် သပိတ် မှောက်သွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေး သံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာက‌နေ တာဝန်ထမ်းဆောင်တာပါပဲ” ဟု ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည် ရက မိန့် ကြားသည်။

ချောင်းဦးမြို့နယ်မှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ဦးဆောင်ဆရာတော် ဆရာ တော် ဥူးဇာနည်ရကိုအောက်ပါအတိုင်း တွေ့ ဆုံမေးမြန်းထားပါသည်။

မေး ။ ။ မနေ့က ကံဆောင်သပိတ်ကို ဘယ်လိုစတင်ဖြစ်ခဲ့လဲဘုရား။

ဖြေ ။ ။ မနေ့က ကံဆောင်သပိတ်ကတော့ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး သံဃာထုက မကျေနပ်လို့ သပိတ်မှောက်ကံဆောင်ကြတာပါ။ သပိတ်ကို သပိတ်ခေါင်းဆောင်တဲ့ဆရာတော်တစ်ပါးက ဦးဆောင်ပြီးတော့ ကံဆောင်သပိတ် ပြုကြမယ်ပေါ့။ စုစုစည်းစည်းနဲ့ ဆရာ၊ ဒကာ ညီညာစွာနဲ့ သပိတ်ကို မြို့နယ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေး က လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးပြီး ဥူးဇင်းတို့ ကံဆောင်သပိတ်ကို မှောက်ကြတာပါ။

မေး ။ ။ သပိတ်ကို ဘယ်တော့လောက်ရုပ်သိမ်းဖို့ မျှော်မှန်းထားလဲဘုရား။

ဖြေ ။ ။ ဘယ်တော့လောက်ရုပ်သိမ်းဖို့မှန်းထားတဲ့ဆိုတော့ ဒီဆရာတော်ကြီးသည် ကျမ်းပြုဆရာ တော်ကြီးလည်းဖြစ်တဲ့အတွက်ကြောင့်၊ ဥူးဇင်းတို့စာသင်သားတွေရဲ့ အားကိုးအားထားရတဲ့ ဆရာ တော်ကြီးဖြစ်တယ်။ ဒီဆရာတော်ကြီးရဲ့ စာအုပ်တွေနဲ့ ဥူးဇင်းတို့ အတန်းအဆင့်ဆင့် အောင်ခဲ့တာ ပေါ့။ ဆရာတော်ကြီး ဒီလို စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အတွက် ကြောင့် ဒါကို အမှုမှန်မပေါ် မပေါက်မချင်း ဒီသပိတ်ကို ဆက်လက်မှောက်ထားမှာပါ။

မေး ။ ။ ဒီသပိတ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေပါလာဖို့ ဘယ်လို စည်းရုံးသွား ဖို့ရှိသေးလဲဘုရား။

ဖြေ ။ ။ ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေးသံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာက‌နေ တာဝန်ထမ်းဆောင်တာပါပဲ။

မေး ။ ။ ၂၀၀၇ တုန်းကလည်း ဒီလိုမျိုးပဲ ကံဆောင်သပိတ်ပြုလုပ်ခဲ့ဖူးတာရှိတော့ ၂၀၀၇ ရွှေဝါရောင် သပိတ်အခြေအနေနဲ့ ပါဝင်ဖြစ်ခဲ့ပုံလေးရှင်းပြပေးပါအုံးဘုရား။

ဖြေ ။ ။ ၂၀၀၇ ရွှေဝါရောင်သပိတ်တုန်းကတော့ ကမ္ဘာသိအဆင့်ပါပဲ။ အဲဒီမှာတုန်းကတော့ ဥူးဇင်းတို့ က ဦးဆောင်ဆရာတော်အနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးတော့ ထောင်တွေ၊ ဘာတွေကျခဲ့ တာပေါ့၊ အဲဒီခေတ်အဆက်ဆက်ကတည်း သံဃာထုသည် ဒီမိုကရေစီလိုလားတယ်။ ပြည်သူတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ရေး ဥူးဇင်းတို့ ကျရာနေရာက တာဝန်ယူပါဝင်ကြရတာပေါ့။ ကံဆောင်သပိတ်ရုတ်သိမ်းဖို့ကတော့ စစ်အာဏာရှင်တွေက အရေးတယူလုပ်မှသာလျှင် ဖြစ်နိုင်တာပေါ့၊ သူတို့လည်းကလည်း ဒီဟာတွေကို အရေးတယူလုပ်လည်းမလုပ်ဖူး။ ပြီးတော့ သူတို့ လိမ်လည်လှည့်စားထားတာတွေ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကံဆောင်သပိတ်ပြုလုပ်ကြရတာပါ။

မေး ။ ။ ကံဆောင်သပိတ်ပြုလုပ်ခြင်းအားဖြင့် စစ်အာဏာရှင်တွေဘက်က ဘယ်လိုတုန့်ပြန်လာနိုင် လဲ။

ဖြေ ။ ။ စစ်အာဏာရှင်တွေအနေနဲ့ကတော့ သူတို့ ထုံစံအတိုင်းပါပဲ။ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆိုရင် ထင်ရှာတဲ့ဆရာတော်ကြီးမို့သာ တပည့်တော်တို့ သိရတာ၊ ထင်ရှားမှုမရှိတဲ့ပုဂ္ဂိုလ်တွေ သတ်ဖြတ်တာ နည်းမှ မနည်းတာ။ ဒါကို အများသိစေဖို့ ကံဆောင်သပိတ်ပြုလုပ်ခြင်းပါပဲ။ သူတို့ကတော့ ဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်တာတွေ ဆက်ပြီးလုပ်အုံးမှာပဲ။ လုပ်လည်းလုပ်နေဆဲပဲ။

မေး ။ ။ ကံဆောင်သပိတ်နဲ့ပတ်သက်ပြီး ထပ်ဖြည့်ပြောစရာရှိရင် မိန့်ကြားပေးပါအုံးဘုရား။

ဖြေ။ ။ ပြည်သူတွေ အမှန်တရားကို သိပြီး စစ်အာဏာရှင် စနစ်အမြန်ဆုံးကျဆုံးပါစေလို့လည်း ဥူးဇင်းအနေနဲ့ ဆန္ဒပြုချင်ပါတယ်။

ဓာတ်ပုံ- ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ စစ်အာဏာရှင်ကို ဖီဆန် သပိတ်မှောက် ကံဆောင်ခဲ့ကြသည့် သံဃာတော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters


Comments

Leave a Reply

Your email address will not be published. Required fields are marked *