စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

ဒိုက်ဦးမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးပြီး စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးပြီး စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Daik-U Defence Force(DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်နိုင်ကို Daik-U Defence Force(DDF) အဖွဲ့က ဒိုက်ဦးမြို့တွင်းရှိ တရုတ်စာသင်ကျောင်းအနီး ရထားလမ်းဂုံးကျော်နေရာ၌ ပစ်ခတ် တိုက်ခိုက်ရာ ဝမ်းဗိုက် ၊ကျောကုန်းနှင့် ဦးခေါင်း တို့တွင် သေနတ်ကျည် ၅ ချက် ထိမှန်ပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်နိုင်သည် စစ်တပ် အာဏာသိမ်းချိန်မှ အုပ်ချုပ်ရေးမှူး ဝင်ရောက် အရွေးခံသူဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်း၍ ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးစေခိုင်းခြင်း၊ အစ်ကိုဖြစ်သူ ဇော်မြင့်လွင်နှင့်ပေါင်းကာ ပညာရေး CDM ဆရာ၊ ဆရာမများကို ဖမ်းဆီးစေခိုင်းခြင်း၊ မြို့ပြ UG အဖွဲ့များ ဖမ်းဆီးရာတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကာ ဖမ်းဆီးနှိပ်စက်ခြင်း၊စစ်မှု့ထမ်းရန်အတွက် လူငယ်များကို အတင်းအဓမ္မ စာရင်းလိုက်လံကောက်ခံခြင်း၊ စစ်မှုမထမ်းလျှင် ၁ အိမ်ထောင်ကို ငွေကျပ် ၁ သိန်း ကောက်ခံခြင်း၊ ကင်းကြေးများ ကောက်ခံခြင်း၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးစေခိုင်းခြင်း၊ အရက်သေစာ သောက်စားကာ ရပ်ကွက်နေ ပြည်သူများကို အော်ဟစ် ရမ်းကားဆဲဆိုကြိမ်းမောင်းခြင်းတို့ကြောင့် ပြည်သူများ တိုင်ကြားလာ၍ ပသ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Daik-U Defence Force(DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“မြို့ထဲမှာ လုံခြုံရေးတွေ အထပ်ထပ် ချထားတဲ့ကြားကနေ ပြည်သူတွေရဲ့ တိုင်ကြားချက်ကြောင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အလောင်းကို စစ်ခွေးတွေ သယ်သွားပါတယ်။ နေရာမှာ ပွဲချင်းပြီးပဲသေတယ်။ အဲ့ဒီနေရာက အသွားအလာကြပ်တဲ့နေရာပါ” ဟု Daik-U Defence Force(DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပစ်ခတ် တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များသည် ဘေးကင်းလုံခြုံစိတ်ချရသည့် လွတ်မြောက် နယ်မြေနေရာကို ပြန်လည်ရောက်ရှိနေပြီးဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ပြည်သူများအပေါ် ဒုက္ခပေးနေသော စစ်သား၊ ရဲ ၊ ပျူစောထီးများ အားလုံးကို လိုက်လံ တိုက်ခိုက်မည်ဖြစ်ကြောင်း Daik-U Defence Force (DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *