စစ်သင်္ဘော၊ ကြေးနီယာဉ်တန်းနှင့် မိုင်းရှာ နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

မုံရွာနှင့် ဆားလင်းကြီးတို့တွင် စစ်သင်္ဘော၊ ကြေးနီယာဉ်တန်းနှင့် မိုင်းရှာ နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၊ ကြေးနီတင်ယာဉ်တန်းနှင့် မိုင်းရှာနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောကြားသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးစစ်ဆေး အနိုင်ကျင့်ကာ ကြေးနီတင် တွဲကားများကို လုံခြုံရေးယူပေးနေသော အကြမ်းဖက် စစ်သား ၂ ဦးကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့၊ Youth Vigor Revolution Force နှင့် Black Hunter People’s Task Forceတို့နှင့်လက်တွဲ ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတဲ့သတင်းပဲ သိရသေးတယ်၊ ကျန်တာတော့ စုံစမ်းနေတုန်းပဲ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောဆိုသည်။

အလားတူ ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန်ခန့်က စစ်ကိုင်းမှ ထွက်လာသော ကြေးနီတင် တွဲကား ၇ စီး အနက် ၆ စီးမြောက် တွဲကား နှင့် ၇ စီးမြောက်တွဲကားကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိ စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆင်ဖြူရှင်တံတားဘက်မှ ဆန်တက် လာသော အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးနှင့် ဖလက်ခွန် ၁ စီးတို့ကို ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးဝဲကွဲရွာအနီး ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ လက်လုပ် ၆၀ မမ ၂ ဖူး၊ ရှေ့ထွက်မိုင်း ၁ လုံးတို့ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့နှင့် မုံရွာမြို့နယ်၊ တိုက်နယ် ၃ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လက်တွဲကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *