မကွေး၊ ငဖဲနယ်က စစ်အုပ်စု ကပစ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု (၂၀)ခန့် သေ ဟုဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) -၁၄ ဂိတ်ကင်းစခန်းကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ‌စစ်အုပ်စု (၂၀)ခန့် သေကာ အများအပြား ဒဏ်ရာရတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်ပါတယ်။

‌ဇွန်(၂၁)ရက် မနက်(၆)နာရီက ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်ကုန်းရွာဟောင်း အနီးမှာရှိတဲ့ ကပစ (၂၄) ဂိတ်ကင်းစခန်းကို CNF-Asho နဲ့ ဧရာ၀တီ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်း (APDF) တို့ ‌ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စု ဂိတ်ကို (၄၀မမ) ဗုံးသီးတွေနဲ့ စတင် ပစ်ခတ်ခဲ့ပြီး စခန်းသိမ်းဖို့နဲ့ လက်နက်ရရှိဖို့ ရည်ရွယ်ခဲ့ပေမယ့် တိုက်ပွဲ ဖြစ်ပွားချိန် နှစ်နာရီခန့် အကြာမှာ စစ်အုပ်စုက ကပစ (၂၄) စခန်းကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ CDF-Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

“တိုက်ပွဲရဲ့ စစ်ဆင်ရေး ရည်မှန်းချက် အနေနဲ့ နံပါတ်(၁) ရန်သူ့လက်နက် ရရှိဖို့နဲ့ နံပါတ်(၂) စခန်းသိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ တိုက်စစ် ဆင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်နာရီကျော် တိုက်ခိုက်နေတဲ့ အတောအတွင်းမှာ ရန်သူ့ဘက်က လေးဦးကနေပဲ သူတို့ရဲ့ စခန်းကုန်း ဘန်ကာထဲကနေ ပစ်ခက်နေတော့တဲ့ အချိန်ထိ တိုက်ခိုက် နိုင်ခဲ့ပါတယ်၊ အဲဒီလေးဦးကို အပြတ် တိုက်ခိုက်နိုင်ဖို့နဲ့ ဘန်ကာတွေကို ဖြိုချနိုင်ဖို့ ‌ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ လက်နက်ကြီးတွေ မရှိတာကြောင့်မို့ ပြန်လည် ဆုတ်ခွာလာရတာ ဖြစ်ပါတယ်”

တိုက်ပွဲအတွင်း စစ်အုပ်စု (၂၀) ခန့် သေတယ်လို့ ပြန်လည် သတင်းကြားရပြီး သေဆုံး၊ ဒဏ်ရာရသူတွေကို လူနာတင် ကားတွေနဲ့ လာရောက်ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ ဆလိုင်းရိုးချင်းက ပြောပါတယ်။

“ရန်သူ သေဆုံးမှုနဲ့ ပတ်သတ်ပြီးတော့ ကပစ (၁၄) နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ ကပစ ထဲမှာ ရှိနေတဲ့ ဖရဲသီး တပ်သားရဲ့ သတင်းပေးမှုကြောင့် လူနာတင်ကား ဘယ်အချိန်မှာ လာတယ်၊ ဘယ်နှစ်စီးနဲ့ လာတယ်ဆိုတာ သိရပြီးတော့ အလောင်းသယ်သွားတဲ့ ကားအရေအတွက်တွေကို သိရပြီး အယောက်(၂၀)ခန့် သေဆုံးနိုင်တယ်လို့ အတည်ပြုလို့ ရနိုင်တာ ဖြစ်ပါတယ်”

ကပစ(၁၄)ရဲ့ ကင်းဂိတ်ဟာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ ဆက်တိုက် လုပ်နေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ကပစ (၁၄) ဟာ ငဖဲမြို့နဲ့ သုံးမိုင်ခန့်အကွာ ကျောင်းကုန်းရွာဟောင်းအနီး၊ မန်းချောင်းဆည်ရဲ့ အနီးမှာ တည်ရှိကာ အခုတိုက်ခိုက်ခဲ့တဲ့ ကင်းဂိတ်ဟာ စက်ရုံရဲ့ အဓိက လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာနေရာရဲ့ နောက်ကျောဘက်က အနီးဆုံးနေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ(၃၀)ရက်ကလည်း ကပစ(၁၄) ရဲ့ ဂိတ်ကင်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တစ်ယောက် သေပြီး MA သေနတ်တစ်လက်နဲ့ ကျည်တချို့ သိမ်းဆည်းရမိတယ်လို့ CNF-Asho က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စစ်အုပ်စုရဲ့ ကပစ(၁၄) ဂိတ်ကင်းကို တိုက်ခိုက်ခဲ့စဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *