ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်ခဲ့ရတဲ့လုပ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌ တောင်းပန်

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှု ကြောင့် ပျံလွန်သွားတဲ့အပေါ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းပန်တဲ့အကြောင်း ဒီနေ့စာပို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီစာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက် ဒီနေ့မှာ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဈာပနအတွက် ဦးစီးဆောင်ရွက်နေတဲ့ သံဃာတော်ကြီးတွေဆီ လာရောက်ဖတ်ကြားလျှောက်ထားခဲ့တာပါ။

အရပ်ယာဉ်နဲ့ မှန်ချမောင်းနှင်တာမဟုတ်တဲ့အတွက် လုံခြုံရေးအရ ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တောင်းပန်စာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ဆရာတော်ပျံလွန်ခဲ့ရတဲ့အတွက် အလေးအနက် တောင်းပန်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ဒီတောင်းပန်လျှောက်ထားချက်နဲ့ ပတ်သက်လို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ရဲ့ ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ ဆရာတော်ကြီးတစ်ပါးကတော့ ဒီအဖြစ်အပျက်ကို မမေ့ဖျောက်နိုင်ဘူးလို့ အခမ်းအနားမှာ ပြန်လည်မိန့်ကြားခဲ့ပါတယ်။

“လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်”

ဇွန် ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ ကြွချီခဲ့ပြီးနောက် တံတားဦးလေဆိပ်အထွက်မှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာပါ။

ဒီဖြစ်စဉ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက သူတို့ရဲ့ပစ်ခတ်မှုကို ဝန်ခံခဲ့ပြီး ပြန်လည်စိစစ်အရေးယူမဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တောင်းပန်စာကို စစ်ကောင်စီ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူများ ဖတ်ကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ၀င်းနိမ္မိတာရုံ စာသင်တိုက်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *