သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ပြီ

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်သတ်မှုကြောင့် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ပြီ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်သတ်မှုကြောင့် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်တွင်လည်း ပခုက္ကူမြို့မှ သံဃာတော်များကို စစ်တပ်က ဓာတ်တိုင်တွင် ကြိုးတုပ် ရိုက်နှက်ခဲ့သဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာမှ ရွှေဝါရောင် တော်လှန် ရေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်ရာတွင် သပိတ်မှောက် ကံဆောင်ထိုက်သည့် အချက်အင်္ဂါ ၈ ပါး ရှိပြီးဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများကို အောက်ပါ အကြောင်းတရား ၈ ခုကြောင့် သပိတ်မှောက် ကံဆောင်နိုင်ကြောင်း သိရှိရသည်။

(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန – ရဟန်းတို့အား လာဘ်တိတ်အောင်လာဘ်မရအောင် ပြုခြင်း

(၂) အနတ္တာယ ပရိသက္ကန – အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊

(၃) အဝါသာယ ပရိသက္ကန – နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊

(၄)အက္ကောသန – ဆဲရေးခြင်း၊

(၅) ဘေဒန – ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊

(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန – ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊

(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *