အင်းတော်ကြီးဒေသ ချောင်း၀တပ်စခန်းကို ယနေ့နံနက်တွင် KIA ထပ်မံသိမ်းပိုက်

အင်းတော်ကြီး – ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို နှစ်ရက်အတွင်းသိမ်းပိုက်

ကချင်ပြည်နယ် အင်းတော်ကြီး – ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်ရန် နောက်ဆုံးကျန်နေသည့် ချောင်း၀ တပ်စခန်းကို ယနေ့ (ဇွန်လ ၂၄ရက်)နံနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်-အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် မနက်အစောတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၂၃ရက်ညပိုင်းတွင် ဝှေလုံ နှင့် ညောင်ပင်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ချောင်း၀စခန်းကို ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဝှေလုံ စခန်းမှာ လက်နက်ပေါင် ၁၈ လက်နဲ့ ခဲယမ်းအမြောက်အများရရှိ၊ ညောင်ပင် နဲ့ ချောင်းဝ စခန်းကစာရင်းမသိရသေး”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့က ညောင်ပင်တပ်စခန်း သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း များစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဝှေလုံတပ်စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက အတည်ပြု ဖြေကြားသည်။

အဆိုပါ တပ်စခန်းများသည် အင်းတော်ကြီးဒေသ နှင့် ဖားကန်လမ်းပိုင်း၌ အရေးပါသည့် တပ်စခန်းများဖြစ်ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်၊ ရှမ်းနီတပ် SNA တို့ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်စခန်း သုံးခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ဖားကန့်လမ်းပိုင်းကို KIAက စိုးမိုးနိုင်ပြီဟု ပြော၍ ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာတွင် လက်နက်ကြီး ပစ်ခတ်နေစဉ်။ ဓာတ်ပုံ – Majoi Hpunggam)


Comments

Leave a Reply

Your email address will not be published. Required fields are marked *