MBT တပ်ဖွဲ့က ပစ်သတ်တာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်

မြင်းခြံမြို့အဝင်မှာ စစ်အုပ်စုက ပစ်ခတ်လို့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်

MBT တပ်ဖွဲ့က ပစ်သတ်တာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်

စစ်အုပ်စုရဲ့ စွပ်စွဲချက်ကို MBT တပ်ဖွဲက ငြင်းပြီး စစ်တပ်၊ စစ်သားပီပီ ကိုယ့်လုပ်ရပ်ကိုယ် ဝန်ခံဖို့ ပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၁၈) ဝန်ထမ်းကွက်သစ်မှာ မနေ့က ည(၁၀)နာရီဝန်းကျင် စစ်အုပ်စုက ပစ်ခတ်လို့ ရွာဘက်ကနေ မြင်းခြံမြို့ပေါ်ကို လူနာလာပို့တဲ့ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူတယ်လို့ သတင်းရရှိပါတယ်။

“မနေ့ (ဇွန်-၂၂ရက်) ည(၁၀)နာရီခန့်က (မြင်းခြံမြို့) အမှတ်(၁၈)၊ ဝန်ထမ်းကွက်သစ်မှာ စခများမှ နယ်မြေရှင်းရင်း ပစ်ခတ် ခဲ့သောကြောင့် ဘုန်ကြီးတစ်ပါး ပျံတော်မူ။ စခများမှ အမှတ်(၁၈)မှ စခနဲ့နီးစပ်တဲ့သူတွေ၊ စခ၊ ပျူတွေကို ကူညီပေးသူတွေကို စစ်ကြောင်းထိုးမှာမို့ နယ်မြေရှင်းတာ လုပ်မယ်လို့ ကြိုအသိပေးတာတွေ ရှိခဲ့တယ်လို့ သိရ။ အမှတ်(၁၈)ဝန်ထမ်းကွက်သစ်က KTV အများအပြား ရှိရာ ရပ်ကွက်ဖြစ်” လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

စစ်အုပ်စုက ပစ်ခတ်လို့ သေဆုံးသူဟာ မြင်းခြံမြို့နယ်၊ ဆခမကျေးရွာနေ ခန်းနေဆရာတော် ဦးဥတ္တမ သက်တော် (၅၀)၊ ဝါတော် (၁၂)ဝါ ရှိသူဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဦးဥတ္တမဟာ ဆခမကျေးရွာ ပုညကာရီ လူနာတင်ကားနဲ့ မြင်းခြံမြိုပေါ်ကို လူနာလိုက်ပို့ပြီး အပြန်၊ မြင်းခြံမြို့ အထွက်မှာ ပစ်ခတ်ခံရကာ Myingyan Black Tiger (MBT) တပ်ဖွဲ့က ပစ်ခတ်သွားတာလို့ စစ်အုပ်စုက လိမ်ညာ သတင်း ဖြန့်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး MBT တပ်ဖွဲ့က သူတို့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆိုပြီး စစ်အုပ်စု အနေနဲ့ စစ်တပ်၊ စစ်သားပီပီ ကိုယ့်လုပ်ရပ်ကိုယ် တာဝန် ယူသင့်ကာ ဗြောင်လိမ်ဗြောင်စား မလုပ်သင့်ဘူးလို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက MFP ကို ပြောပါတယ်။

“ကျနော်တို့ကို စွပ်စွဲတာက လုံးဝကို မတရားဘူး။ စစ်တပ်၊ စစ်သားပီပီ၊ သူတို့ပြောတဲ့ Sandard Army အနေနဲ့ဆို ဒီလို စွပ်စွဲတာက စစ်တပ်၊ စစ်သား မပီသဘဲ ဗြောင်လိမ်ဗြောင်စား လုပ်တယ်လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။ ခွေးထက်ဆိုးတဲ့ အကောင်တွေလို့ ကျနော်ကတော့ ဒီလိုပဲ ပြောချင်တယ်။ အဲ့ဒီနေရာမှာ ဘယ်သူတွေ ရှိတယ်ဆိုတာ ပြည်သူတွေ သိပါတယ်။ အဖွဲ့အစည်းတိုင်းလည်း သိပါတယ်။ ….။ အဲ့ဒီနေရာက MBT တပ်ဖွဲ့ အခြေစိုက်တဲ့ နေရာ မဟုတ်ပါဘူး။ အမှတ်(၁၈)ဇီးခြံဆိုတာက သူတို့ ခွေးစခန်း အထိုင်ချထားတဲ့ နေရာပါ။ သူတို့ပဲ လုပ်ကြံတယ်လို့ ယူဆပါတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

MBT တပ်ဖွဲ့ အခြေပြုရာ နေရာဟာ မြင်းခြံမြို့နဲ့ နီးနီးကပ်ကပ် မဟုတ်သလို မနေ့က ညပိုင်း မြင်းခြံမြို့ပေါ် စစ်ရေးလှုပ်ရှားတာ မရှိသလို လူနာလာပို့တဲ့ ဘုန်းတော်ကြီးကားကို ပစ်ခတ်ခဲ့တာလည်း မရှိခဲ့ဘူးလို့ MBT က ထုတ်ပြန် ဖြေရှင်းပါတယ်။

“မြင်းခြံ ဆခမဆရာတော် ဥူးဥတ္တမ လူနာလာပိုတဲ့ ကိစ္စမှာ စစ်တပ်က ပစ်သတ်ခြင်း ဖြစ်ပါတယ်။ မိမိတို့ Myingyan Black Tiger အဖွဲ့နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး။ မိမိတို့ Myingyan Black Tiger (MBT)က မြင်းခြံနဲ့ နီးနီးကပ်ကပ်မှာ ရှိမနေသလို ဒီရက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှု မရှိခဲ့ပါဘူး။ မိမိတို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၉) Myingyan Black Tiger (MBT)အဖွဲ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက်သာ တိုက်ပွဲ ဝင်နေတာ ဖြစ်ပြီး ရဟန်းရှင်လူ မိဘပြည်သူတွေဘက်ကို ဘယ်တုန်းကမှ သေနတ်ပြောင်းဝ မလှည့်ခဲသလို MOD အောက်က တရားဝင် တပ်ရင်းဖြစ်တာကြောင့် စစ်အုပ်စု လော်ဘီတွေ တင်သလို မိမိတို့ အဖွဲ့က ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ ဒီကိစ္စမှာ စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေက လူနာလာပို့တဲ့ ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ်ခတ်ခြင်း မရှိသလို တပ်ဖွဲ့ စစ်ရေးလှုပ်ရှားရာ နေရာလည်း မဟုတ်တဲ့အတွက် တပ်ဖွဲ့ကို စွပ်စွဲသူတွေအား လိုက်လံစုံစမ်းပြီး အရေးယူသွားမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို Myingyan Black Tiger (MBT)က စုံစမ်းခဲ့ရာ အခင်းဖြစ်ပွားရာ နေ့ရက်မှာ မည်သည့် မဟာမိတ်တပ်ဖွဲ့ကမှ စစ်ရေး လှုပ်ရှားတာ မရှိ။ မိမိတို့ MBTကလည်း အခင်းဖြစ်နေရာမှာ တပ်စွဲခြင်း၊ စစ်ရေးလှုပ်ရှားခြင်း မရှိသလို ဆက်လက် စုံစမ်းရာမှာ အခင်းဖြစ်နေရာမှာ စစ်တပ် ကင်းပုန်းတွေသာ ရှိနေပြီး စစ်တပ်ဘက်ကသာ ကျူးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ ရှေ့မှာ သာဓကရှိခဲ့ပြီး ငါန်းဇွန်နယ်မှာ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ကိုလည်း ငါန်းဇွန်နယ်အတွင်း စစ်တပ်က ပစ်သတ်တာကို PDFက ပစ်တယ်ဆိုပြီး ပြည်သူ့ကို လိမ်ညာခဲ့သေးတဲ့ သာဓက ရှိခဲ့ပြီး မငြင်းနိုင်တဲ့ အဆုံးမှာတော့ စစ်တပ်ဘက်က သူတို့ မှားပစ်ခဲ့တာကို ဝန်ခံခဲ့ရပါသေးတယ်။ ဒီဖြစ်စဉ်မှာ သတင်းသေချာ ဖုံးဖိုအတွက် မိမိတို့ Myingyan Black Tiger (MBT)က လူနာ လာပို့တဲ့ ဆခမ ဆရာတော်ကို ပစ်သတ်သလို ဘောမတွေက ပြောဆိုရေးသားနေတာသာ ဖြစ်ပါတယ်” လို့ MBT က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဇွန်(၁၉)ရက်ကလည်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဆရာတော်၊ သံဃာတော်တွေ လိုက်ပါလာတဲ့ ကားကို ကားမှန်မချဘဲ မောင်းလို့ဆိုပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။ အဲ့ဒီ သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စစ်အုပ်စုက PDF တွေကို အပြစ်ပုံချကာ နည်းမျိုးစုံနဲ့ လိမ်ညာ သတင်းဖြန့်ခဲ့ပေမယ့် ပစ်ခတ်ခံရတဲ့ ကားပေါ်ပါတဲ့ ရန်ကုန်မြို့၊ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ဆရာတော်က အဖြစ်မှန်ကို ဖွင့်ပြောတော့မှ သူတို့ ပစ်သတ်တာဖြစ်ကြောင်း စစ်အုပ်စုက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ငါန်းဇွန်၊ မြို့သာနဲ့ မြင်းခြံ အပါအဝင် မြင်းခြံနယ်ထဲက လမ်းဆုံလမ်းခွနဲ့ မြို့အဝင်အထွက်တွေမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာ၊ ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့အဝင်၊ အမှတ်(၁၈) ဝန်ထမ်းကွက်သစ်အနီး ဇွန်(၂၂)ရက် မနေ့က ည(၁၀)နာရီဝန်းကျင်အချိန် လူနာပို့ရင်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဘုန်းတော်ကြီး/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *