စစ်ရေးပိုပြင်းထန်လာ၍ မြန်မာပြည်သူများ လူမှုဘ၀လုံခြုံရေးနှင့် စားနပ်ရိက္ခာကြိုပြင်ထားရန် TNLA ခေါင်းဆောင်တိုက်တွန်း
မြန်မာနိုင်ငံတဝန်း စစ်ရေးအရှိန်ပိုပြင်းထန်လာနေသည့် အခြေအနေတွင် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး စစ်ဆင်ရေးများ ပိုလုပ်လာ၍ ပြည်သူများအနေဖြင့် လူမှုဘ၀လုံခြုံရေးအတွက်အစီအမံများ ကြိုပြင်ဆင်ထားရန် တအာင်းတပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က တိုက်တွန်းသည်။
တအာင်း ဒေသစစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်ကို TNLAက (ဇွန်လ ၂၄ရက်)တွင် ရုပ်သံဖြင့် ဖော်ပြခဲ့ရာ တအာင်းဒေသပြည်သူများသာမက မြန်မာပြည်သူတစ်ရပ်လုံး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းချက်ကို ထည့်သွင်း ပြောကြားခဲ့သည်။
TNLAနှင့် မဟာမိတ်များသည် စစ်ကောင်စီနှင့် အပစ်ရပ်သဘောတူညီချက်ရှိသော်လည်း စစ်ကောင်စီဘက်က လိုက်နာခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ခြေရှိကြောင်း TNLA ခေါင်းဆောင်က အသိပေးခဲ့သည်။
“စားနပ်ရိက္ခာကိစ္စတွေက ကျနော်မြင်တယ်။ ကျနော်တို့ တအာင်းပလောင်ဒေသ နောက် မြန်မာနိုင်ငံမှာရှိတဲ့ လူထုအားလုံးသတိထားသင့်တဲ့ အနေအထားဖြစ်တယ်လို့ ကျနော်မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။
“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံးက ဒီကိစ္စကို ကိုယ့်ဒေသအတွင်းမှာ အားလုံးက စစ်ဘေးသင့်နေတဲ့ ဒုက္ခသည်တွေပဲဖြစ်တယ်။ ဒါတွေအားလုံး အတူတူ ပူးပေါင်းဖြေရှင်းဖို့လိုတယ်။ စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးလုပ်နေတဲ့ ကာလထဲမှာ ကျနော်တို့ အောင်မြင်မှုတွေမရခင် ဒီလို အခက်အခဲတွေ ပိုပြီး ပြင်းထန်လာနိုင်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မို့လို့ လူမှုဘ၀ လုံခြုံရေးရော စားနပ်ရိက္ခာ ဖူလုံရေးအတွက်ရောပြင်ပြင်ဆင်ဆင်နဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့လိုအပ်တယ်။ ကျနော်တို့တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးကလည်း ဒီအခြေအနေဆိုးတစ်ရပ်ကို ကျော်လွှားနိုင်အောင် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။
TNLA ခေါင်းဆောင်က လူထုသို့စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးနောက် ယနေ့ နံနက်ပိုင်း၌ပင် ကျောက်မဲ အပါအဝင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ကျောက်မဲတွင် မနက်အစောပိုင်းကတည်းက ပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည်ဟု ဆိုသည်။
တိုက်ပွဲများကြောင့် ရှမ်းမြောက် ပြည်ထောင်စုလမ်းမတလျောက် သီပေါမှ နောင်ချိုမြို့အထိ ခရီးသွားယာဉ်များ ရောက်သည့်နေရာ၌ ရပ်ထားကြရန် ဒေသခံက လူမှုကွန်ရက်မှ အသိပေး ရေးသားချက်အချို့တွေ့ရသည်။
ကျောက်မဲ၊ သီပေါ၊နောင်ချိုမြို့ပတ်ဝန်းကျင်နေရာများ၌ ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းဒေသခံကပြောကြားသည်။ ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်သည်ဟုလည်းသတင်းရင်းမြစ်က ပြောသည်။
(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – တောင်ပေါ်သားလေး)
Leave a Reply