မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု

ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက် လျှောက်ထားခဲ့သော်လည်း အဆိုပါ လျှောက်ထားမှုကို စစ်ကောင်စီထုတ်သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြုကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး တင်ဦးလွင်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်၍ ပျံလွန်တော်မူရမှုအပေါ် ဝမ်းနည်းကြေကွဲ တောင်းပန်ပါကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“တိုင်းသိ ပြည်သိ တောင်းပန်ဖို့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်မှာ သတ္တိမရှိတာပေါ့။ ဒါတောင် ဝင်းနိမ္မိတာရုံ ကျောင်း တိုက်က Facebook Live လွှင့်ထားလို့ အားလုံးသိရတာ။ သူတို့ရဲ့ မရိုးသားမှုပါပဲ” ဟု ရန်ကုန်မြို့အခြေစိုက် အောင်စင်္ကြာစာသင်တိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါသော ကားသည် အရပ်အိမ်စီးကားဖြစ်သည့်အပြင် သာသနာ့အမှတ်တံဆိပ်မပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့က တောင်းပန်ခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာ တော် ၏ ရုပ်ကလပ် ဈပနာပြုလုပ်နေရာ ကျောင်းတိုက်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီကိုယ်စား လှယ်များက တောင်းပန်လွှာ လာရောက်တင်သွင်းခဲ့သည်။

မင်းအောင်လှိုင်၏ တောင်းပန်လျှောက်ထားမှုတွင် သာသနာ့ရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး တံဆိပ် အမှတ် အသားမပါဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်နှင့် မှန်ချမောင်းနှင်ရန် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်းဆက်လက် မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘ၀ နတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းကြောင်း၊ အရေးယူဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့် အတွက် တပည့်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရသည့်အပြင် အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က လျှောက်ထားခဲ့သည်။

ဆရာတော်ကြီး၏ ဈာပနာကို စီမံဆောင်ရွက်နေသော စီမံရေးဆရာတော်ကြီးများကမူ အကြမ်းဖက် စစ်ခေါင်းဆောင်၏ တောင်းပန်မှုအပေါ် ဝမ်းနည်းဖွယ် ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

“လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ် ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်”ဟု ဈာပနာစီမံရေး ဆရာတော်ကြီးတစ်ပါး ကမိန့်ကြားခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရာမှ ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ မူလက စစ်ကောင်စီက PDF က ပစ်ခတ်သည်ဟု လိမ် လည်သတင်းထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာ တော်ကြီး က စစ်တပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း မိန့်ဆိုမှသာလျှင် စစ်တပ် ၏ လိမ်လည်မှု ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *