ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တချို့တွင် ဆန်ရောင်းချမှုများအားလုံး ရပ်ဆိုင်း

စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တချို့တွင် ဆန်ရောင်းချမှုများအားလုံး ရပ်ဆိုင်း

ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တာတချို့ တွင် စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဆန်တင်မရောင်းချတော့ကြောင်း စျေးဝယ်စင်တာမှ ဝန်ထမ်းတချို့နှင့် စျေးဝယ်သူများထံမှ သိရှိရသည်။

“စျေးဝယ်စင်တာတချို့နဲ့ စူပါမားကတ်တချို့မှာ ဆန်တန်းတွေမှာ ဆန်တွေလုံး၀ မတင်တော့ဘူး။ ဆီတောင် ပဲဆီဗူးတွေပဲ တင်ထားတယ်။ ဒါတောင် အဲဒါတွေ ပြတ်သွားရင် ထပ်မတင်တော့ဘူးလို့ ပြောတယ်” ဟု ယနေ့ စျေးဝယ်ထွက်ခဲ့သည့် အိမ်ရှင်မတစ်ဦးက ဆိုသည်။

ရန်ကုန်ရှိ စျေးဝယ်စင်တာတစ်ခုထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အာဏာပိုင်များဘက်က ဆန်ရောင်းချမှုအပေါ် စစ်ဆေးမေးမြန်းမှုများရှိခြင်း၊ သတ်မှတ်စျေးနှုန်းအတိုင်း ဆန်များ ရောင်းချမည်ဆိုလျှင် တက်စျေးဖြင့် ဝယ်ထားသည့်ဆန်များ အရှုံးပေါ်ခြင်း၊ စစ်တပ်က အရပ်ဝတ်များဖြင့် စျေးဝယ်အယောင်ဆောင်၍ စစ်ဆေး ပြဿနာရှာခြင်းများကြောင့် ဆန်ရောင်းချမှုအားလုံးကို ရန်ကုန်ရှိ စူပါမားကတ်တချို့က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်း အဝေး ခေါ်ယူခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ကုန်သည်များ၊ ဆန်စက်များကို ဖမ်းဆီးအရေးယူခြင်းများ၊ ဆန်စက်များ၊ ဂိုဒေါင်နှင့်ပွဲရုံများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဆန်စပါးစျေးနှုန်းကိုပါ သတ်မှတ်စျေးနှုန်းများ ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသတ်မှတ်စျေးနှုန်းထက်ပိုမို၍ ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဆန်စျေးနှုန်းများကို သတ်မှတ်ရာတွင် အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ စတင်သတ်မှတ်ပြီး အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *