သံတွဲရဲစခန်းကို AA သိမ်းယူပြီးစစ်သုံ့ပန်း ၂၀၀ နီးပါးဖမ်းမိထားဟု စစ်ရေးသတင်းရင်းမြစ်ပြော

ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က ဇွန် ၂၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့(ဇွန်လ ၂၄ရက်) တွင်သံတွဲမြို့မရဲစခန်းကို ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင် ၂၀၀နီးပါးကို AAက ဖမ်းဆီးထားကြောင်း မြို့ခံအချို့ကပြောသည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ သံတွဲရဲစခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့သိရတယ်။ ၅၆၆ နဲ့ ၅၅ တပ်ရင်းတွေ ကိုလည်း ထိုးစစ်ဆင်နေတယ်။ မကြာခင် သတင်းကောင်းတွေ ကြားရနိုင်တယ်”ဟု ဒေသခံတဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ငပလီမြို့၊မဇင်ကျေးရွာအနီးရှိသည့် သံတွဲလေဆိပ်ကို AAက ဇွန်လ ၂၃ရက်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး သံတွဲမြို့မ ရဲစခန်း၊သံတွဲလေဆိပ်အနီးရှိခြေမြန်တပ်ရင်း ခမရ(၅၆၆) နှင့် ငပလီမြို့ အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၅)တို့ကို တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

” မနက်ကရဲစခန်းကရဲတွေထွက်ပြေးသွားတယ်။ မသွားခင်မှာသေနတ်တွေဖောက်သွားသံတွေကြားတယ်။ ဆိုင်ကယ်တွေနဲ့ရော ဆိုင်ကယ်တက္ကစီတွေနဲ့ပြေးတာ။ ၅၆၆ ကို သိမ်းလိုက်ပြီးလို့ကြားထားပေမယ့်အတိအကျတော့မသိဘူး။ ၅၆၆ ဘက်မှာပစ်ခတ်သံတွေကြားခဲ့ရတယ်” ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။

သံတွဲရဲစခန်း၌ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်အင်အားငါးဆယ်ခန့်ရှိပြီး AAက စတင်တိုက်ခိုက်ချိန်ကပင် အားလုံးထွက်ပြေးသွားခြင်းဟု ဒေသခံအချို့ကပြောသည်။

ဒေသခံ နောက်ထပ်တဦးကမူ ဇွန် ၂၂ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၅၀ နီးပါးကို AA က ဖမ်းမိခဲ့ကြောင်း၊ ဇွန်လ၂၃ ရက်တွင် သံတွဲလေဆိပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားကြောင်း ပြောသည်။

” စစ်သား ၁၃၂ ယောက်ကို အရှင်ဖမ်းမိတယ်။ နောက်ရဲတပ်ဖွဲ့ဝင်၊ ဇနီးမယားတွေ၊ သားသမီးတွေ ၄၇ ယောက်ကိုတော့ မနေ့ည (ဇွန်လ ၂၃ ရက်) ကတည်းက ဖမ်းထားတယ်လို့ ပြောတယ်” ဟု AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည့်အချက်အလက်ကို ၎င်းက ပြန်ပြောသည်။

စစ်သုံ့ပန်းများ AAက ဖမ်းမိထားသည်ဆိုသည့်သတင်းအား မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သံတွဲမြို့၌ ယခုရက်ပိုင်းဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။

သံတွဲလေဆိပ်ကို AAက ဝင်ရောက်တိုက်ခိုက်ရာတွင် အဆိုပါ လေဆိပ်အတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ခမရ(၅၆၆)နှင့် ခလရ(၅၅)တပ်ရင်းများအတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။ ထို့အပြင် ယင်းတပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလံဖြူထောင်လက်နက်ချရန်လည်း AAက သတိပေးထားကြောင်း ၎င်းကပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဒေသခံအများအပြားသည် သံတွဲမြို့နှင့် မိုင် ၈၀ ခန့် ကွာဝေးသည့် ဂွမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြသည်။ မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်ခြင်းနှင့် စစ်ကောင်စီလေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံအများအပြားသည် မြို့ကိုစွန့်ခွာနေကြသည်။

” မြို့မှာ နေ့ခင်းဘက် သရဲခြောက်မှာတောင် စိုးရတယ်။ လူတွေမရှိကြတော့ဘူး။ မပြေးနိုင်တဲ့သူတွေကလည်း အိမ်ထဲတွေမှာပဲနေတယ်။ ခြောက်ကပ်နေတာ” ဟု မြို့ခံတဦးကပြောသည်။

လက်ရှိတွင် AA က သံတွဲမြို့ပေါ်တွင်နေရာယူထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခမရ(၅၆၆)၊ ခလရ (၅၅)ထဲတွင် ရှိနေကြသည်။မြို့ပတ်ဝန်းကျင်ကျေးရွာအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့ပေါ်တနေရာအား ယနေ့(ဇွန်လ ၂၄ရက်)ညနေက တွေ့ရစဉ် / Photo -STU


Comments

Leave a Reply

Your email address will not be published. Required fields are marked *