TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ

နောင်ချို၊ မိုးကုတ် နှင့် ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ

ဟိုင်ဂင် အပစ်ရပ်စာချုပ် ၄ လကျော် အကြာတွင် ကျိုးပေါက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်မှစတင်၍ ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်း ကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်း ကောင်း TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊ အုမ္မသီး လမ်းခွဲအနီးတွင်လည်းကောင်း၊ ကျောက်ကြမ်းကျေး ရွာအနီးတွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ ထို့အတူ မိုးကုတ်မြို့အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ မြို့လယ်အထိ ယမ်းစနှင့် မီးပွားများ ကျရောက် နေကြောင်း သိရှိရသည်။

“ကျောက်မဲရော နောင်ချိုရော မိုးကုတ်ရော တိုက်ပွဲဖြစ်နေတယ်။ ကျောက်မဲဘက်မှာတော့ လမ်းတွေ အကုန်ပိတ်သွားပြီ။ ကားတွေအများကြီးပဲပိတ်မိနေတာ။ နောင်ချိုဘက်လည်း ကားလမ်းတွေ ပိတ်သွားပြီ။ စစ်ရေးတင်းမာနေတာ ကြာပြီဆိုတော့ ဒီမနက်တော့ စပြီး နှစ်ဖက် ချကြတာလို့ ပြောရမယ်” ဟု ရှမ်းမြောက်ဒေသမှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော မန္တလေး – လားရှိုး လမ်းပိုင်းအခြေအနေမကောင်းဘဲ နောင်ချို၊ ကျောက်မဲ ဒေသမှ ပြည်သူများလည်း စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ချုပ်ဆိုသဘောတူညီခဲ့သော ဟိုင်ဂင်အပစ်ရပ်ရေးသဘောတူညီချက် စာချုပ်မှာ ၄ လကျော်ကြာမြင့်လာချိန်တွင် ကျိုးပေါက်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၉ ရက်နေ့ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ MNDAA ဥက္ကဋ္ဌ ဦးဖုန်တဲရင်တို့ကို တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *