WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန်(ရုပ်/သံ)

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန်(ရုပ်/သံ)

ဂိုဒေါင် ဖောက်ထွင်း ဖျက်ဆီးခံရမှုကို WFP က ပြင်းထန်စွာ ရှုတ်ချ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်းကို ရခိုင့်တပ်တော် – AA က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်က မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရုံးနှင့် လူနေအိမ် အချို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့ လက်အောက်ခံများက WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ WFP ဂိုဒေါင်အတွင်းမှ ဘိလပ် မြေဟု ယူဆရသော အထုပ်များကို သယ်ယူကာ ခရိုင် ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်ခဲ့ကြကြောင်း ရခိုင့်တပ်တော် – AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ WFP ဂိုဒေါင် တွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လ စာဖူလုံစေမည့် အရေးပေါ် ကယ်ဆယ် ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင် တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်းမရှိခဲ့ကြောင်း WFP ရုံးက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် လွန်ခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ WFP ၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း၊ အဆိုပါ အဖြစ် အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက် စုဆောင်း လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WFP သည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပဋိပက္ခ ဒဏ်ခံစားနေရသူများကို အရေးပေါ် အသက်ကယ် ဆယ် ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့် အား ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီ ထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်ဟု WFP က ပြောဆိုသည်။

ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များ အားလုံး အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာ ကြရန် WFP က တောင်းဆိုထားပြီး ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ကာ၊ အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက် ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *