လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်

နှစ်ဖက်စစ်ရေးပြင်နေသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်၌ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လားရှိုးနှင့် မိုင်းယော်တိုက်နယ်ကြား ပိန်းခမ်းရွာအနီးရှိ မိုင်တင်စစ်ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်း ထိုးလာသဖြင့် MNDAA တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပိန်းခမ်းရွာနှင့် နီးစပ်သူဒေသခံတစ်ဦးကပြောသည်။

၎င်းက “ကိုးကန့်က အရင်ကတည်းက အဲဒီမှာ လှုပ်ရှားနေတာ စစ်တပ်က ရှေ့တိုးလာတော့ တိုက်ပွဲဖြစ်တာပေါ့။ ခဏလေးပဲ ပစ်ကြပြီးတော့ ပြန်ဆုတ်ကြတယ်လို့ ဆိုတယ်” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး၊ မတ်လ၂၆ ရက်က လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ရွာနှင့် လုံမွန်းကျေးရွာကြားတွင်လည်း ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သေးသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ MNDAA မှ သတင်းထုတ်ပြန်ခြင်း မရှိသလို ပြောရေး ဆိုခွင့်ရှိသူနှင့် အဆက်သွယ်မရပေ။

ယခု ဇွန်လလယ်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ လားရှိုးကို ဗဟိုပြု၍ တကျော့ပြန် စစ်ရေးတင်းမာနေရာ စစ်တပ်က မိုင်းတင်၊ အီနိုင်း၊ ဟိုပိတ်၊ မယ်ဟန်ရွာများ၌ အင်အား ထောင်ချီ စစ်ပြင်ထားသလို လားရှိုး အနီးရှိ တောင်ကုန်း၊ စေတီကုန်း၊ မြို့သို့ ဝင်နိုင်သည့် တောလမ်း များတွင် စခန်းများချထားကာ သွားလာသူများကို ပစ်ခတ်ကြောင်း မြို့ခံများက ဆိုသည်။

ထို့ပြင် လားရှိုးမြို့ပေါ်တွင်လည်း ပြည်သူ့စစ် ၃၀၀ ခန့်ကို ဖြန့်ကျက်ကာ ဗျူဟာမှူးက ကွပ်ကဲကြောင်း၊ ဌာနဆိုင်ရာ ရုံး ကျောင်းတို့တွင် နေရာယူကာ ည ၆ နာရီနောက်ပိုင်း စစ်ကားများဖြင့် ကင်းလှည့်ကြောင်း၊ လားရှိုးအနောက်ဘက် TNLA သိမ်းထားသည့် နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့၌ ယခုရက် စစ်ကောင်စီက ဒရုန်းများဖြင့် နေ့စဉ် ကင်းထောက်နေသည်။

ပုံစာ – ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီတိုးဂိတ်ကို စီးနင်းထားစဉ်/ The Kokang

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top