နောင်ချိုနှင့် ကျောက်မဲရှိ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေဟု TNLA ပြော

ကျောက်မဲတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းဖြင့် အင်အားဖြည့်တင်း

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုနှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီ​၏ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေမှုများရှိနေကြာင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်မှစတင်၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို လွေးယေဦးက ရှင်းပြခြင်းဖြစ်သည်။

ယနေ့(ဇွန်လ ၂၆)တွင် ကျောက်မဲမြို့ရှိ နေရာ ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နောင်ချို၊ မိုးကုတ်နှင့် သီပေါ၌ ယနေ့မနက် တိုက်ပွဲဖြစ်ပွားမှုရှိ၊မရှိနှင့်ပတ်သက်၍ သတင်းများ မရသေးကြောင်း လွေးယေဦးက ပြောသည်။

” လက်ရှိကတော့ စစ်ကောင်စီက အင်အားတွေလာဖြည့်ပေးတာမျိုး၊ လေယာဉ်နဲ့ လေကြောင်းနဲ့ လာပြီး ဖြည့်တင်းတာမျိုး၊ ပြီးရင် ကုန်းကြောင်းတွေနဲ့လာပြီးဖြည့်တင်းတာ တွေ့ရပါတယ်။ နောက်တစ်ခုက သူတို့ တပ်မိသားစုတွေအရင်ရွှေ့ပြောင်းတာလည်း တွေ့ရပါတယ်။ လက်ရှိတွေ့နေရတာက ကျောက်မဲ ၊ နောင်ချိုတွေမှာပေါ့”ဟု လွေးယေဦးက ပြောသည်။

ဒေသခံများက နောင်ချိုမြို့ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက နောင်ချိုမြို့ကို ထိန်းနိုင်ပြီဆိုသည့် သတင်းတက်လာခြင်းမရှိသေးဟု ပြောသည်။ထိုသို့ ဖြေကြားခြင်းမှာ နောင်ချိုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်း ဟုတ်၊မဟုတ် ဖြေကြားခြင်းမဟုတ်ဘဲ စစ်ရေးသတင်းအချက်အလက် TNLA သတင်းပြန်ကြားရေးအဖွဲ့ထံ မရသေးခြင်းဖြစ်သည်ကို လွေးယေဦးက ပြောပြခြင်းဖြစ်သည်။

သို့သော် နောင်ချိုမြို့ဒေသခံများက TNLAပူးပေါင်းတပ်မှာ မြို့ကို ထိန်းချုပ်ထားပြီး ယနေ့တွင် ရှင်းလင်းရေးလုပ်ဆောင်ကြောင်း ပြောသည်။ ထို့အပြင် မြို့အထွက်ရှိ မခရ(၁၁၄)၊(၁၁၅)ကိုလည်း TNLAပူးပေါင်းတပ်က ထိုးစစ်ဆင်နေပြီး ကျောက်ကြမ်းနှင့် သဖန်းကိုင်းကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေသည်ဟု ပြောသည်။

ယခု စစ်ဆင်ရေးတွင် TNLA နှင့်အတူ အခြား မဟာမိတ်တပ်များ ပူးပေါင်းပါဝင်တိုက်ခိုက်မှုရှိသော်လည်း မည်သည့် တပ်ဖွဲ့များပါဝင်သည်ဆိုခြင်းကို TNLA ဘက်က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

TNLAအနေဖြင့် ယမန်နေ့က စတင်သည့် တိုက်ပွဲသည် ၁၀၂၇ စစ်ဆင်ရေး၏ အဆက်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုသို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ လွေးယေဦးက “လက်ရှိက ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီက ကျမတို့ ရှိရာကို အင်အားအလုံးအရင်းနဲ့ လာရောက်ပြီး တိုက်ခိုက်နေတဲ့အတွက်ကြောင့် ကျမတို့ဘက်က ပြန်လှန်ပြီး ခုခံတိုက်ခိုက်တာ ဖြစ်ပါတယ်”ဟု ပြောပြသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ ဇန်နဝါရီ ၁၁ရက်က TNLA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဖြစ်ပေါ်လာသည့် အပစ်ရပ်စဲရေးကို စစ်ကောင်စီက အကြိမ်ကြိမ်ကြိုးဖောက်ပြီး တအာင်းဒေသခံ ပြည်သူများနှင့် TNLA တပ်စခန်းအချို့ကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာသည့် အခြေအနေတွင် ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တိုက်ပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

(နောင်ချိုမြို့အတွင်း TNLAပူးပေါင်းတပ်များ ဇွန်လ ၂၅ရက်က ဝင်ရောက်လာစဉ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *