အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်

အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်

မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်သည် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောကြားသည်။

ဇွန်လ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အိုးဘိုထောင်၏ အမျိုး သားအိပ်ဆောင် ၃ တွင် ကိုထက်ရန်နိုင်(ခ)ကိုထက်က အကျဉ်းသားတစ်ဦး မူးယစ်ဆေး ဝါးအရောင်းအဝယ်နေသည်ကို လက်ပူး လက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန် ကြိုးစားခဲ့ကြောင်း၊ ထောင်သားတန်စီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းသဖြင့် ပြေလည်ခဲ့ကြောင်း၊ သို့ရာတွင် ဆေးရောင်းသည့် အကျဉ်းသားက မကျေနပ် ဘဲ အဆောင် ၃ ၏ ဒုအဆောင်မှူး တပ်ကြပ် ဇေယျာအောင်ထံသို့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်နှင့်ပတ် သက်၍ လုပ်ကြံလီဆယ်၍ တိုင်တန်းမှုများလုပ်ဆောင်ခဲ့ကြောင်း၊ တပ်ကြပ် ဇေယျာအောင်က ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ရိုက်နှက်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

အရိုက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်က အပြစ်မရှိ​၍ မရိုက်နှက်သင့်ကြောင်း ပြန်လည်​ပြောဆိုသည့်အတွက် အကျဥ်းဦးစီးဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟု စွပ်စွဲ၍ ဒေါက်ခြေကျင်းခတ် အပြစ်ပေးရန်အတွက် main jail သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ထောင်ပိုင်လေးဖြစ်သူ ဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများက ဝါးဆစ်ပိတ်တုတ်များ၊သံတုတ်များ၊ကျဉ်စက်များ ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြ၍ ကိုထက်ရန်နိုင် သည် ပုဆိုးပင် မဝတ်နိုင်ခဲ့ဘဲ အသက်ဘေးမှ လွတ်မြောက်ရန် အခြားအဆောင်များဆီ အကူအညီတောင်းခံအော်ရင်း ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

သို့သော် အကျဉ်းထောင်အတွင်းဖြစ်သည့်အတွက် လွတ်မြောက်အောင်ပြေးရန် မစွမ်းနိုင်ခဲ့ဘဲ အိပ်ဆောင် ၅ စိုက်ခင်းတွင် တစ်ကြိမ် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှု ၊ညှဉ်းပန်းနှိပ်စက်မှုကို သေလု မြောပါး ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ အရိုက်ခံရပြီးနောက် ကိုထက်ရန်နိုင်သည် ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ညိုမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီးနောက် သတိလစ်ပြီး ကယောင်ကတမ်းဖြစ်လာခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်အချိန် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ကို ကြိုးတုပ်ကာ ဝှီးချဲ ပေါ်တင်ပြီး အကျဥ်းထောင်ဆေးရုံဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဆေးဝါးကုသမှုကို လုံလောက်စွာ မပေးဘဲ ဆေးရုံဝင်းအတွင်းရှိ အရူးတိုက်တွင် ပိတ်လှောင်ထားခဲ့ကြောင်း၊ ကိုထက်ရန်နိုင် အသက်ငွေ့ငွေ့သာ ကျန်တော့သည့်အချိန် မွန်းလွဲ ၁ နာရီကျော်‌ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကိုထက်ရန်နိုင် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ရဲ့အကူအညီတောင်းခံသံကို ပြင်ပက ပြည်သူတွေ နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူတွေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ မကြားနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ တောင်းဆိုလိုတာက အကျဉ်းထောင်အတွင်းမှာ ဥပဒေမဲ့ညဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်တွေ အကျဉ်း ထောင်တွေ အော်ဟစ်အကူအညီတောင်းသံတွေကို အာရုံစိုက် နားစွင့်ပေးကြဖို့ ပိုပြီး အာရုံစိုက်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြောလိုပါတယ်။ ကိုထက် ရန်နိုင် ကိုလည်း ဖိနှိပ်နှိပ်စက်ခဲ့သူတွေကို အရေးယူနိုင်ရေး ကျွန်တော်တို့အဖွဲ့အနေနဲ့ ကြိုးပမ်းသွားမယ်လို့ ကတိသစ္စာပြုပါတယ်” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောကြားသည်။

ကိုထက်ရန်နိုင်သည် ရာဇသတ်ကြီးပုဒ်မ-၅၂(က)ဖြင့် စစ်ကိုင်းမြို့နယ် တရားရုံးက အလုပ် ကြမ်းနှင့်ထောင်ဒဏ်၄နှစ် ချမှတ်၍ ပြစ်ဒဏ်ကျခံနေရရာမှ အကျဉ်းဦးစီးဝန်ထမ်းများ၏ မတရားရိုက်နှက် သတ်ဖြတ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *