မန္တလေးတိုင်း ကြားကာလအုပ်ချုပ်ရေးယန္တရား ပေါ်ပေါက်ရေး ကော်မတီဖွဲ့စည်း

မန္တလေးတိုင်းမှာ ကြားကာလ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးအစီအမံ မူကြမ်းရေးဆွဲရေးကော်မတီကို မန္တလေးတိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဇူလိုင် ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ မမေနှင်းက “အခုဖွဲ့လိုက်တဲ့အဖွဲ့ကတော့ ကြားကာလ နိုင်ငံရေးအစီအမံ ဘယ်လိုဖြစ်ရမယ်ဆိုတာ ရေးနိုင်ဖို့ ရေးဆွဲရေးကော်မတီ လုပ်ငန်းအဖွဲ့ကို ဖွဲ့တာပါ၊ လက်ရှိမှာ ဖွဲ့မယ်ဆိုတဲ့အဖွဲ့က အုပ်ချုပ်ရေးယန္တရား ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) လိုမျိုး လည်ပတ်ဆောင်ရွက်ဖို့ မဟုတ်ဘူး၊ သူသည် IEC ကဲ့သို့သော ယန္တရားတွေကို ဘယ်လိုမျိုးဖော်ဆောင်ကြမလဲ၊ ဘယ်လိုမျိုးလုပ်ကြမလဲဆိုတဲ့ အစီအမံကိုရေးနိုင်ဖို့အတွက် စဖွဲ့လိုက်တဲ့ အဖွဲ့ဖြစ်တယ်၊ ဒီအဖွဲ့ကနေမှတစ်ဆင့် ရေးဆွဲလိုက်တဲ့ မူကြမ်းအရ သက်ဆိုင်ရာ ယန္တရားတွေ ဖွဲ့စည်းတည်ထောင်တာမျိုး၊ ပေါင်းစပ်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီကော်မတီက တိုင်းအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ ကြားကာလ နိုင်ငံရေးအစီအမံရေးဆွဲဖို့ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုင်းအတွင်းမှာ အုပ်ချုပ်ရေးပိုင်းအပါအဝင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် လစ်လပ်တာတွေမရှိအောင် ဖွဲ့စည်းတာလို့လည်း ဒီကော်မတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးလတ်က ပြောပါတယ်။

“ကျွန်တော်တို့ မန္တလေးဒေသရဲ့ ကြားကာလ တော်လှန်ရေးကာလအတွင်းမှာ ဘယ်လိုစီမံခန့်ခွဲမယ်၊ ဘယ်လိုအုပ်ချုပ်မယ် အဲတာတွေလည်း အားလုံးပါမှာပါ၊ လက်ရှိအနေအထားအရဆိုရင် နိုင်ငံရေးလေဟာနယ်၊ စီမံခန့်ခွဲမှုလေဟာနယ်၊ အဲဒီလေဟာနယ်တွေက အများကြီးဖြစ်နေတာကို အဓိက အဲတာတွေကို ပပျောက်စေချင်တဲ့ ရည်ရွယ်ချက်ပါဗျ၊ မန္တလေးတိုင်းအတွင်းမှ စိုးမိုးနယ်မြေတွေလည်း ရလာတော့ အားလုံးကသောင်းကနင်းမဖြစ်အောင်ပေါ့နော်၊ နိုင်ငံရေးအစီအမံတစ်ရပ်ရေးဆွဲဖို့၊ အကောင်အထည်ဖော်ဖို့ပေါ့နော်၊ အကောင်အထည်ဖော်တဲ့အတိုင်း စီမံဆောင်ရွက်ဖို့ဆိုပြီး အားလုံသဘောတူထားတာပါ”

ဒီကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လူထုသပိတ်တိုက်ပွဲ၊ လူထု လှုပ်ရှားမှုမှာပါဝင်တဲ့ အင်အားစုတွေ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုတွေ၊ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စတဲ့ တိုင်းအတွင်းမှာရှိတဲ့ အင်အားစုတွေ တစ်နှစ်နီးပါးကြာ ဆွေးနွေးအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီမူကြမ်းရေးဆွဲတဲ့လုပ်ငန်းကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့က တစ်ပါတီကို နှစ်ဦးစီ၊ လူထုသပိတ်၊ CDM ၊ သမဂ္ဂနဲ့ အရပ်ဖက်အဖွဲ့အစည်းအပါအဝင် အစုအဖွဲ့ ကိုယ်စားလှယ် ၁၅ ဦး၊ လူနည်းစုကိုယ်စားလှယ် နှစ်ဦးစီနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ လေးဦး ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်မတီသက်တမ်းကို လေးလ သတ်မှတ်ထားပြီး လုပ်ငန်းတာဝန်တွေကတော့ မန္တလေးတိုင်းအတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေ ရယူပြီး ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲဖို့၊ တိုင်းအတွင်း အင်အားစုအားလုံး ပါဝင်တဲ့ အခင်းအကျင်းတစ်ခု ဖော်ဆောင်ဖို့တို့ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစတဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းတင်မကဘဲ မန္တလေးတိုင်းကိုပါ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

မန္တလေး-ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ရဲ့ ဇူလိုင် ၈ ရက်နေ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၂၆ ခုနဲ့ စဉ့်ကူးမြို့နယ်မှာ ၁၁ ခု သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့အနောက်ခြမ်းကိုလည်း TNLA နဲ့ မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားပြီး အရှေ့ခြမ်းကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာနယ်မြေရဲစခန်းရှေ့တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များ။ (Photo: MDY-PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *