တစ်ကျော့ပြန် စစ်ဆင်ရေးအတွင်း စစ်စခန်း လေးဆယ်ကျော်သိမ်းနိုင်ကြောင်း TNLA ပြော

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကာလ ၁၈ ရက်အတွင်း ရှမ်းပြည်နယ် ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်း လေးဆယ်ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။

စစ်စခန်း လေးဆယ်ကျော် သိမ်းနိုင်ခဲ့ပြီး လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေဆဲပဲလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

“စခန်းအားလုံးပေါင်းဆိုရင် လေးဆယ်ကျော်ရှိပြီ၊ အများဆုံးကတော့ ကျောက်မဲ၊ နောင်ချို၊ ပြီးရင်တော့ မိုးကုတ်၊ မိုးမိတ်တို့ ဖြစ်ပါတယ်၊ တိုက်ပွဲကတော့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မှာ တိုက်ပွဲတွေဖြစ်နေတယ်”

ဇူလိုင်လ ၁၂ ရက်နေ့တိုက်ပွဲမှာ နောင်ချိုမြိုနယ် ဒုံးတပ်ရင်း (၆၀၆) တပ်ကနေ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း TNLA ပူးပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတွေ ဖမ်းဆီးရမိနိုင်ခဲ့တယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဂုတ်ထိပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်မဲအခြေစိုက် ၅၀၁ တပ်စခန်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ TNLA ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်စီတပ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။

TNLA စာရင်းတွေအရ ဒီစစ်ဆင်ရေးကာလ ၁၈ ရက်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၈ ဦး သေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရပ်သားနေအိမ် အလုံး တစ်ရာ နီးပါးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့ကစတဲ့ “၁ဝ၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: PSLF/TNLA News)


Comments

Leave a Reply

Your email address will not be published. Required fields are marked *