သပိတ်ကျင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA၊KPDFနှင့် ABSDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်ပြင်ပ၌ ထိုးစစ်စခြင်းဖြစ်ပြီး ဟန်ချက်ညီစစ်ဆင်ရေးဟု စစ်ရေးသတင်းရင်းမြစ်ပြော

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့ (ဇူလိုင် ၁၁ရက်) စတင်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် ၁၁ရက် နံနက် ၁၁နာရီ ၁၄မိနစ်တွင် သပိတ်ကျဉ်းမြို့နယ်ရှိ တောင်လယ်စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်စခန်းသည် သပိတ်ကျင်းနှင့် တကောင်းကြား၌တည်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲကို KIAနှင့်အတူ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ၊ ကျောင်းသားတပ်မတော်ဟုခေါ်ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု စစ်ဆင်ရေးသည် KIAအနေဖြင့် ကချင်ပြည်နယ်ပြင်ပ မန္တလေးတိုင်းအတွင်း အရှိန်အဟုန်ဖြင့် ဆင်နွှဲမည့် ထိုးစစ်စတင်ခြင်းဖြစ်သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ ရှမ်းမန်းစစ်ဆင်ရေးတို့နှင့်အတူ ဟန်ချက်ညီ ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း ပြောသည်။

သပိတ်ကျင်းမြို့နယ်သည် မန္တလေး PDF တပ်များက စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်နေသည့် စဉ့်ကူးမြို့နယ် မတ္တရာမြို့နယ်တို့နှင့် နယ်မြေချင်းနီးစပ်မှုရှိသည့် မြို့နယ်လည်းဖြစ်သည်။

စစ်ရေးဖော်ဆောင်မှုအသေးစိတ်အခြေအနေများ ပြောကြားခြင်းမရှိသော်လည်း တိုက်ပွဲများဆက်လက်ရှိနေမည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့်ရှမ်းမြောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများကို တဆင့်ပြီးတဆင့် ဖော်ဆောင်လျက်ရှိပြီး ယခုနှစ် မတ်လ ၇ရက်တွင် ကချင်ပြည်နယ်အတွင်း စစ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးဆင်နွှဲခဲ့သည်။

ထိုသို့ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ရာ အချိန်တိုအတွင်း စစ်ကောင်စီတပ်စခန်းအများအပြား သိမ်းပိုက်ရရှိခဲ့ပြီး မြို့အချို့၊ ဒေသအချို့ ၊ မြစ်ကြီးနား – ဗန်းမော်၊ ဗန်းမော် – လွယ်ဂျယ် ၊ ဝိုင်းမော် -ကန်ပိုက်တည်လမ်း၊ ဖားကန့်လမ်းများကို KIAက သိမ်းပိုက်စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့သည်။

(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများနှင့် KPDFမှ ရဲဘော်များအား တွေ့ရစဉ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *