မတ္တရာရှိ မြောက်တံငါတပ်စခန်း မန္တလေးPDF သိမ်းပိုက်၊လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ

မတ္တရာနှင့် စဥ့်ကူးမြို့နယ်တွင် ၃၇ ခု​မြောက်စခန်းသိမ်းပိုက်ခြင်းဖြစ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ တိုက်ပွဲများ ဆက်​လက်ဖြစ်ပွားနေပြီး မြောက်တံငါတပ်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိကာလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

မြောက်တံငါတပ်စခန်းအား သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အပြင် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းများအား နယ်မြေရှင်းလင်းတွင် လက်နက်ငယ်(၁၂)လက်ခန့်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ယနေ့ (ဇူလိုင် ၁၂ရက်)တွင် အသိပေးသည်။

ထို့အပြင် စဉ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းမှ ထွက်ပြေးသွားသော ရဲမေတစ်ဦး၏ နေအိမ်၌ ခြောက်လုံးပျူးသေနတ်(၁)လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မန္တလေး PDF ပူးပေါင်းတပ်သည် မတ္တရာမြို့နယ် အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း အပါအဝင် စစ်ကောင်စီ​၏ တပ်စခန်းအများအပြားကို ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် သိမ်းပိုက်ခဲ့သည်။

ဇွန်လ ၂၅ ရက်ကစတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးတွင် စဥ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်း မန္တလေး PDF နှင့် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ ဇူလိုင် ၆ရက်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၃၆)ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားသည်။

ထို့အပြင် မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်တပ် စခန်းမှသိမ်းရသော လေယာဥ်ပစ်၊ စက်သေနတ်ကြီးများကိုလည်း လေ့ကျင့်နေပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။

(မတ္တရာမြို့နယ် ရှိ မြောက်တံငါတပ်စခန်းအား မန္တလေးPDF သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – မန္တလေး PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *