သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်

မောင်တောရှိ စခန်းများကို သိမ်းပိုက်ပြီး စစ်သား ၃၀ ဘင်္ဂလားဒေ့ရှ် ပြေး

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း AA ကတရားဝင် သတင်းထုတ်ပြန်သည်။

အာရက္ခဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုရက်များ၌ အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ် နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် သံတွဲမြိုနယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ ၅၅ တပ်ရင်းအား ထိုးစစ်ဆင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ ၅၆၆ ကို ဇွန်လ ၂၇ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောစစ်သားများ၊ စစ်ကူလာပေးသော စစ်တပ် နှင့် သံတွဲမြို့ထဲမှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲမြို နှင့် သံတွဲမြိုအနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွဲမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီကလည်း မောင်တောမြို့ကို မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ကို ဝိုင်းရံပိတ်ဆိုထားပြီး မောင်တောတစ်မြိုလုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄ မိနစ်အချိန် မောင်တော၊ နခခ ၅ ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို စစ်သားအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ မကျည်းချောင်း စခန်းတွင် စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ ၂၆၃ တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲဝင်များ၊ နယ်ခြားစောင့်ရဲများရှိနေကြောင်း၊ ထို့ပြင် ခန့်မှန်း စစ်သား ၃၀ ဦးခန့် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို စစ်လှေအချို့ဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *