ရေစကြို ပခန်းငယ်ရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းမှ စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့်ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို)မှ ရဲဘော်ဝေကြီးက ပြောသည်။

ဇူလိုင် ၁၁ရက် နံနက်အစောပိုင်းက ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းမှ အင်အား ၂ဝခန့်ရှိသော စစ်ကောင်စီတပ်သားနှင့်ရဲများ စခန်းစွန့်ခွာသွားပြီး ခြေလျင်တပ်ရင်း ခလရ-၂၅၈ နှင့် ပခန်းကြီးရဲစခန်းသို့ ပူးပေါင်းသွားကြောင်း ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောသည်။

“အဓိကကတော့ ပတ်ချာလယ်မှာလည်း သူတို့က မစိုးမိုးတော့ဘူး။ ကာကွယ်ရေးဘက်က ပတ်ချာလည်မှာ စိုးမိုးထားတာတပိုင်းပေါ့။ နောက်တစ်ချက်က ရေဝင်လာတာ။ ရေဝင်လာတော့ သူတို့ရဲ့ဘန်ကာတွေ ကတုပ်ကျင်းတွေထဲမှာ မနေနိုင်တော့တာ။ နေမရတော့ကျတော့ ပြောင်ပြောင်ကြီးနေနေရတာ။ အပြင်ထွက်ပြီး ပြောင်ပြောင်ရှင်းရှင်းကြီး နေနေရတာကို မနေရဲတော့တာတစ်ပိုင်းပေါ့။ အဓိကကတော့ အတိုက်ခံရမှာစိုးတာ။ စိုးတော့ဆုတ်သွားလိုက်တာ။”ဟု ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြိုပခန်းငယ်ရဲစခန်းသည် အစောဆုံးတိုက်ခံရသည့်စခန်းများတွင်ပါဝင်ပြီး ၂၀၂၁ နိုဝင်ဘာတွင် ရေစကြိုပကဖမှ စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့၍ သေနတ်နှစ်လက်နှင့်ခဲယမ်းအချို့ရခဲ့သေးသည်။

အဆိုပါစခန်းအား အဖွဲ့များက အာဏာသိမ်းကာလတလျှောက် ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ အဝေးမှလက်နက်ကြီးဖြင့်ထုခြင်းများဖြင့် မကြာခဏတိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ဧပြီကလည်း ထပ်မံ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

(၂၀၂၁နိုဝင်ဘာက ပခန်းငယ်ရဲစခန်းအား ရေစကြိုပကဖမှ စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့စဥ်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *