အထက်မင်းလှ လမ်းပိုင်းတွေမှာ စစ်တပ်က အိမ်စီးကားတွေ အသုံးပြုပြီး စစ်လက်နက်ပို့ဆောင်တာနဲ့ တပ်ပြောင်းရွှေ့တာတွေ ပိုမိုလုပ်ဆောင်လာ…

မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက်မင်းလှမြို့နယ်ထဲက လမ်းပိုင်းတွေမှာ စစ်ကောင်စီက အိမ်စီးကားတွေ အသုံးပြုပြီး စစ်လက်နက် သယ်ယူပို့ဆောင်တာတွေနဲ့ တပ်ပြောင်းတပ်လွှဲကိစ္စတွေ လုပ်ဆောင်လာတာကြောင့် လမ်းပိုင်းလုံခြုံရေးဆိုင်ရာ ဒေသန္တရတားမြစ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ဇူလိုင်လ ၁၀ရက်က ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်ထဲ အထက်မင်းလှမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်း၊ သရက်-မင်းလှလမ်း၊ မင်းလှ-မလွန်သက်ရာကောက်လမ်း၊ မင်းလှ-မင်းဘူး-မကွေးလမ်းနဲ့ မင်းလှ – စစ္စနို့- ကန်တုတ်လမ်းပိုင်းတွေမှာ ခရီးသွားလာမယ့်အရပ်သားတွေအနေနဲ့ စစ်ကောင်စီယာဥ်တန်းတွေနဲ့ အနီးကပ် လိုက်ပါမောင်းနှင်တာမျိုးတွေ မလုပ်ကြဖို့၊ ကားမှန်တွေချပြီး မောင်းနှင်ဖို့၊ လမ်းခရီးမှာ တိုက်ပွဲဖြစ်သံကြားရင် ဘေးကင်းရာမှာ ကားတွေရပ်နားထားဖို့ နဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်း၊ ရဲစခန်း၊ ရဲကင်း၊ လမ်းတံတားဂိတ်တွေ အပါအဝင် စစ်ကောင်စီနဲ့ပက်သက်တဲ့အဆောက်အအုံတွေနဲ့ ထိကပ်နေထိုင်သွားလာတာတွေ မလုပ်ပဲ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြဖို့ တိုက်တွန်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အထက်ပါ ဒေသန္တရတားမြစ်ချက်တွေထုတ်ပြန်ရတာနဲ့ပက်သက်လို့ အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရန်ကြီးအောင်က အခုလိုပြောပြပါတယ်။

“အခုတလော စစ်ကောင်စီက စစ်ဖက်သုံးကားတွေအစား အရပ်သုံးအိမ်စီးကားတွေနဲ့ပဲ စက်လက်နက်ပစ္စည်းသယ်ယူတာမျိုးတွေ၊ တပ်ပြောင်း၊ တပ်လွဲလုပ်တာတွေ ရှိလာပါတယ်။ အဲ့ ခရီးသွားပြည်သူတွေအတွက် လုံခြုံရေးသတိရှိအောင်လို့ အသိပေးရခြင်းဖြစ်ပါတယ်။ ရခိုင်ဘက်ကို၊ လူနဲ့ လက်နက်ပို့ဖို့ဆိုလျှင် မင်းလှ ကပစ တပ်ထဲကနေ မင်းလှ – မင်းဘူးလမ်းကို သုံးပါတယ်။ အဲ့ဒီကနေမှတဆင့် ပုသိမ်-မုံရွာ လမ်းပိုင်းကိုဖြတ်ပြီး အမ်း-ပါဒါန်းလမ်းကို ပြန်သုံးပါတယ်။ စစ်လက်နက်ပစ္စည်းတွေ အဓိကသယ်ယူကြတာကတော့ မင်းလှ -မလွန် -ကနေ ဧရာဝတီ (မလွန်)မြစ်ကူးတံတားကိုဖြတ်ပြီး နေပြည်တော်အထိ လိုသလို သူတို့သယ်လို့ရနေတဲ့အခြေအနေပါ။” လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ဒီဒေသန္တရဆိုင်ရာ တားမြစ်ထုတ်ပြန်ချက်တွေအပေါ် အရပ်သားပြည်သူတွေဘက်ကလည်း လေးစားလိုက်နာကြဖို့ လိုအပ်ပြီး မလိုက်နာရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူဖြေရှင်းပေးသွားမှာ မဟုတ်တဲ့အကြောင်းနဲ့ စစ်ရေးကာလအခြေအနေတွေအရ အခါအားလျော်စွာ ဆက်လက်ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုထားပါတယ်။

ပုံစာ – လမ်းပိုင်းလုံခြုံရေးယူနေတဲ့ အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *