လားရှိုး ခမရ-၅၀၇ တပ်ရင်းအား ထပ်မံ ထိုးစစ်ဆင်

လားရှိုးမြို့နှင့် သုံးမိုင်ခန့်သာကွာဝေးသော ခမရ-၅၀၇ တပ်ရင်းအား မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော တော်လှန်ရေးတပ်ပေါင်းစုက ယနေ့နေ့လယ်ပိုင်းတွင် နောက်တကြိမ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ခံတဦးက ” ညကအထိ ဘာသံမှကြားဘဲ တိတ်နေတာ၊ ဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး ပြန်ဖြစ်တာ လက်နက်ကြီးသံတွေ ဆူညံနေတာပဲ” ဟုဆိုသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ ခမရ-၅၀၇ တပ်ရင်းသည် လားရှိုးမြို့ ဘူတာကြီးနှင့် ၃ မိုင်အကွာတွင်ရှိပြီး ရမခ မကျရေး ခံစစ်စည်းတခုဖြစ်ကြောင်း သိရသည်။

MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များသည် ခမရ-၅၀၇တပ်ရင်းအား ဇူလိုင်လ ၇ ရက် ညတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှလေကြောင်းနှင့်လက်နက်ကြီးပစ်ကူ အများအပြားသုံး တိုက်ခိုက်ခဲ့သည့်အတွက် ပြန်ဆုတ်ပေးခဲ့ရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီးနောက် မြောက်ပိုင်းညီနောင် မဟာမိတ်များက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျဉ်များ လားရှိုးမြို့လူနေရပ်ကွက်အတွင်း ကျရောက်ခဲ့သဖြင့် ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ရသည်။

ပုံစာ- လားရှိုးမြို့တွင်း ယနေ့ မြင်ကွင်း / CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *