စစ်ခေါင်းဆောင်၏လူယုံ စစ်ထောက်ချုပ် ကျော်စွာလင်း ရာထူးမှ ဖယ်ရှားခံရ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏လူယုံတစ်ဦးဖြစ်သည့် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က ကျော်စွာလင်းကို ၂၀၂၀ ခုနှစ်မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးပြီး စစ်ထောက်ချုပ်ရာထူး ခန့်အပ်ခဲ့သည်။ ကျော်စွာလင်းမတိုင်မီက စစ်ထောက်ချုပ်တာဝန်ကို ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ထမ်းဆောင်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် လာဘ်စားမှုဖြင့် ရာထူးမှ ဖယ်ရှားပြီးနောက် အဆိုပါရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ပူးတွဲထမ်းဆောင်စေခဲ့သည်။

ယခုအခါ စစ်ခေါင်းဆောင်က ၎င်း၏လူယုံ ကျော်စွာလင်းကို စစ်ထောက်ချုပ်ရာထူးမှ အနားပေးလိုက်ခြင်းဖြစ်ပြီး အကြောင်းအရင်းကို မသိရသေးကြောင်း နေပြည်တော်ရှိ စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်ထောက်ချုပ်ရာထူးကနေ အနားပေးလိုက်ပြီ။ ဘာကြောင့် အခုလို အဖြုတ်ခံရလဲဆိုတာတော့ မသိရသေးဘူး။ သူ့နေရာကို ဘယ်သူ့ကို အစားထိုးမလဲဆိုတာလည်း မသိရသေးဘူး။ ကျော်စွာလင်းက စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးတော့ ဆက်ရှိနေတယ်”ဟု နေပြည်တော် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ၎င်း ၄ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော စစ်ထောက်ချုပ် ရာထူးကို လက်လွှတ်ခဲ့ရပြီး မိုးမြင့်ထွန်းထံမှ လွှဲပြောင်းရယူခဲ့သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးသာ ကျန်ရှိတော့သည်။

လစ်လပ်နေသည့် စစ်ထောက်ချုပ်ရာထူးကို နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့နှစ်ဦးထဲမှတစ်ဦးကို ခန့်အပ်နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် စစ်ခေါင်းဆောင်၏ယုံကြည်မှုရရှိသဖြင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း (MEC) ၏ ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့ပြီး စစ်တပ်၏ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုများကို အဓိကဆောင်ရွက်ရသူ ဖြစ်လာခဲ့သည်။

ပုံစာ – နေပြည်တော်ရှိ ဘာသာရေးအခမ်းအနားတစ်ခုတွင် မြင်တွေ့ရသော ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း (ဓာတ်ပုံ – MRTV)


Comments

Leave a Reply

Your email address will not be published. Required fields are marked *