လောင်းလုံးက ရဲတပ်ကြပ်ရဲ့သမီးကို နွေဦးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဟုဆို

လောင်းလုံးမြို့မရဲ့စခန်းက ရဲတပ်ကြပ်တစ်ဦးရဲ့သမီးကို နွေဦးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

အခုလ ၉ ရက်နေ့ မနက်ပိုင်းက ထားဝယ်-လောင်းလုံးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ဆေးနေချိန် ကားနဲ့လိုက်ပါလာတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့သမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို စစ်ဆေးပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက် ဒီနေ့အထိ စခန်းမှာပဲဆက်လက်ထိန်းသိမ်းပြီး ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားတယ်လို့ နွေဦးပြောက်ကျားအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

“မိန်းကလေးလည်းဖြစ် ကလေးလည်းဖြစ်နေတော့ စခန်းကရဲမေတွေနဲ့ အတူတူပဲ သေချာစောင့်ရှောက်ထားပါတယ်။ အားလုံး ကောင်းကောင်းမွန်မွန်ပါပဲ။ သူ့မိသားစုနဲ့လည်း ဖုန်းနဲ့ ဆက်သွယ်ခွင့်ပေးထားပါတယ်” လို့ နွေဦးပြောက်ကျားအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲ‌ဘော်ကျောက်ခဲကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်ဟာ လောင်းလုံးမြို့ပေါ်က ရဲစခန်းဝင်းအတွင်းမှာနေထိုင်နေရာကနေ ရန်ကုန်မှာအလုပ်လုပ်ဖို့အတွက် ထားဝယ်မြို့ဘက်ကို ထွက်လာတာလို့ ရဲ‌ဘော်ကျောက်ခဲကပြောပြပါတယ်။

သူ့ကိုဘယ်လိုမျိုးဆက်လက်လုပ်ဆောင်မယ်၊ ဘယ်လိုမျိုးပြန်လွှတ်ပေးမယ်ဆိုတာတွေကိုတော့ ပူးပေါင်းအဖွဲ့တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း လောင်းလုံရဲစခန်းကတပ်ကြပ်ကြီး မြညွန့်ရဲ့ သမီးကို PDF တွေက သဗျာရွာ မီးသတ်ရုံးအနီးမှာ ဖမ်းဆီးလိုက်ကြောင်းနဲ့ လမ်းမှာ PDF တွေကစစ်ဆေးနေချိန် မှီခိုမိသားစုဝင်တွေကို သွားလာခွင့်ပြုတာဟာ အန္တရာယ်များတဲ့အကြောင်း လှုံ့ဆော်ရေးသားထားပါတယ်။

တပ်ကြပ်ကြီးရဲ့သမီး ဖမ်းဆီးခံရပြီး‌နောက်တစ်နေ့မှာတော့ စစ်ဆေးဖမ်းဆီးခံရတဲ့ သဗျာရွာဘက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သလို လောင်းလုံးမြို့မရဲစခန်းမှာလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

သဗျာကျေးရွာက တိုက်ပွဲဖြစ်စဥ်တွေအတွင်းမှာတော့ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာရှိနေတဲ့ အသက် ၁၆ နှစ်အရွယ် မသက်ထားခိုင်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးခုဟာ အခုလအစကတည်းက မြို့နယ်အတွင်းက လမ်းပိုင်းတွေမှာ နယ်မြေစိုးမိုးတာနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်‌ဆောင်နေတာပါ။

အဲဒီလိုစစ်ဆေးနေတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က သွားလာရေးပိုမိုခက်ခဲလာတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်တွေက ဆိုပါတယ်။

လောင်းလုံးပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးကလည်း “ကျနော်တို့ နေ့စဥ်နေ့တိုင်း အဖွဲ့တွေပူးပေါင်းပြီး လမ်းပိုင်းစစ်ဆေးတာကိုလုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ်က သဲပုံကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ရောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အခုနှစ်အတွင်းမှာ လောင်းလုံးမြို့နယ်မှာ ကုန်းလမ်းအသုံးပြုသွားလာတာတွေ လျှော့နည်းလာပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့သွားလာတာတွေကို အဓိကထားလုပ်ဆောင်လာပါတယ်။

ပုံစာ – လောင်းလုံးမြို့မရဲစခန်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *