တရုတ်နိုင်ငံစိုးရိမ်ချက်အရ ယနေ့ညမှစ၍ ၄ရက်ကြာအပစ်ရပ်နားမည်ဟု ကိုးကန့်တပ် ကြေညာ

စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့် တပ်မတော်(MNDAA)က ယနေ့ (ဇူလိုင် ၁၄ရက်) ညပိုင်းမှစ၍ ၄ ရက်သက်တမ်းရှိ အပစ်ရပ်စဲရေးကို ကြေညာခဲ့သည်။

တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့် တစ်ဖက်သတ် အပစ်ရပ်ကြေညာချက်တွင် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်နိုင်ရန်အတွက်ဖြစ်သည်ဟု အသိပေးထားပြီး ဇူလိုင် ၁၄ရက် ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားမည်ဟု MNDAAက တိုက်ခိုက်ရေးတပ်ဖွဲ့များအား ညွှန်ကြားထားသည်။

“ကိုးကန့်တပ် အပစ်ရပ်ကြေညာတာ ဟုတ်တယ်။ ကြည့်ရတာ ညက လောက်ကိုင်မှာ ဗုံးကြဲလာမှုကြောင့်လို့ ထင်မိတယ်။ ခေါင်းစဉ်က တရုတ်ကို ပုံလိုက်တဲ့ သဘောပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

MNDAA နှင့် မဟာမိတ်တပ်များက လားရှိုးကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများသကဲ့သို့ ပူးပေါင်းတပ်မှလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သိန္နီ၊ လောက်ကိုင်မြို့များသို့ပါ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိရာ အဆိုပါ အချက်များသည်လည်း အပစ်ရပ်စဲရန် စဉ်းစားစရာဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

လောက်ကိုင်နှင့် သိန္နီမြို့သည် MNDAA တပ်ထိန်းချုပ်ထားသည့် မြို့များဖြစ်သည်။

လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ဒေသ ထိုးစစ်များ ရပ်တန့်သွားခြင်းရှိမရှိကို လာမည့် ၄ရက်ပြည့်မှသာ သိရနိုင်ပြီးဖြစ်သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

MNDAA နှင့် မဟာမိတ်တပ်များသည်လားရှိုးမြို့ကို ဇူလိုင် ၃ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ နေ့စဉ်ပြင်းထန်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ဆင်ရေးအတွင်း လားရှိုး နမ့်ပေါင် အခြေစိုက် စစ်ကောင်စီတပ်ရင်းကို MNDAAက သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ခမရ(၅၀၇)ကို MNDAAက ဇူလိုင် ပထမပတ်အတွင်း သိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်ထိုးစစ်ဆင်၍ လက်လွှတ်ခဲ့ရသည်ဟု ဆိုသည်။

(လားရှိုးမြို့တိုက်ပွဲအတွင်း မြင်ကွင်းများ။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *