မန္တလေးစည်ပင်က ဦးစီးအရာရှိ အဆင့်တွေကို သေနတ်ဖြုတ်တပ်နည်း သင်တန်းတက်ခိုင်း

မန္တလေးက စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းအများစု စစ်သင်တန်းတက်နေရ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (မန်းစည်ပင်)ရှိ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေ အနက် ဦးစီးအရာရှိ‌အဆင့် အမျိုးသားတွေကို စစ်အုပ်စုက သေနတ်ဖြုတ်တပ်နည်းတွေ လေ့ကျင့် သင်ကြားပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စည်ပင်က ဦးစီးအရာရှိ အဆင့်တွေကို စစ်အုပ်စုက စကားပြောစက် (Walkie Talkie) တွေလည်း ပေးထားပြီး စည်ပင်ရုံး အဝင်ရော အထွက်ပါ လုံခြုံရေး တင်းကြပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“အခုက ဦးစီးအဆင့်လောက်က နေပြီးတော့မှလေ ဟိုရက်က စကားပြောစက်တွေ အကုန်ပေးထားတာ၊ စကားပြောစက်တွေ ပေးတယ် ဆိုကတည်းက ဖုန်းလိုင်း ဖြတ်မယ်ဆိုတဲ့ သဘောမှာ ရှိတယ်၊ ဖုန်းလိုင်း မဖြတ်ရင်တောင် မီးဖြတ်မှာ၊ မန္တလေးက မီးဖြတ်တာနဲ့ ဖုန်းတာဝါတိုင်တွေက အကုန် လိုင်းကျတဲ့ အခါမှာ လိုင်းခေါ်ရခက်မှာ”လို့ စည်ပင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

မန္တလေးခရိုင် စည်ပင်သာယာကော်မတီရှိ အသက်(၄၀)အောက် အမျိုးသား ဝန်ထမ်းတွေကို တစ်မြို့နယ် နှစ်ယောက်နှုန်းနဲ့ ပြီးခဲ့တဲ့ ဇူလိုင်(၈)ရက်က စတင်ကာ စစ်အုပ်စုက တစ်ပတ်ကြာ အခြေခံ စစ်သင်တန်း ပို့ချနေပြီး ယခု ထပ်မံကာ ဦးစီးအရာရှိ အဆင့်တွေကို သေနတ်ဖြုတ်တပ်နည်း သတင်းပေးတာလို့ စည်ပင်ဝန်ထမ်းတွေက ပြောပါတယ်။

“အခုက အမျိုးသမီး အရာရှိတွေ မပါဘူး။ ဒီ ဦးစီးအဆင့် အရာရှိကနေပြီးမှ အကုန်လုံးကို အချိန်ပိုင်းပဲ၊ သေနတ် ဖြုတ်နည်း တပ်နည်း သင်ပေးတာ။ ဒီ စည်ပင်က အသက်(၄၀)အောက် အမျိုးသား ဝန်ထမ်းတွေကိုကျတော့ စစ်သင်တန်း ပေးတာကျတော့ သင်တန်းပေးတာက သပ်သပ်၊ အဲ့ဒါက တစ်ပတ် တက်ရတယ် ပြောတယ်၊ အဲ့ဒါကျတော့ သပ်သပ်ပေါ့၊ အခု ဒီဟာကကျတော့ ဒီ ဦးစီး Level (အဆင့်) လောက်ကနေ စပြီးတော့မှ သူတို့တွေ လက်နက် ဖြုတ်တပ်တဲ့ဟာ သင်ရတယ်၊ ခနပဲ သင်ရတာ”လို့ စည်ပင်ဝန်ထမ်းက ပြောပါတယ်။

စည်ပင်ဝန်ထမ်းတွေသာမက မန္တလေးမြို့က တခြားသော ရုံးနဲ့ဌာနတွေက စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေလည်း စစ်သင်တန်းတွေ တက်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်(၂၅)ရက်က စလို့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ရှမ်းမန်း စစ်ဆင်ရေးကို တော်လှန်ရေးတပ်တွေက ဆင်နွှဲနေပြီး မန္တလေးမြို့အနီးက မတ္တရာနယ်ထဲက စစ်အုပ်စုစခန်းတွေကိုပါ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်အုပ်စုက မန္တလေးမြို့ပေါ်မှာ ခံစစ်ပြင်နေပြီး အခုလို စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေကို စစ်သင်တန်းတွေ ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက လုံခြုံရေး တိုးမြှင့်တဲ့အနေနဲ့ မန္တလေးမြို့အနှံ့နဲ့ မြို့အဝင်အထွက်တွေမှာ ဂိတ်ဖွင့်စစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ မန္တလေးစည်ပင် ဝန်ထမ်းတွေကို ၂၀၂၂ အတွင်းက တွေ့ရစဉ်/Photo – MCDC


Comments

Leave a Reply

Your email address will not be published. Required fields are marked *