မန္တလေးမြို့ အဝင်အထွက် တပ်ချ၍ စစ်ဆေးနေ

မန္တလေးတဝိုက် တိုက်ပွဲများကြောင့် စစ်ကောင်စီက ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာအရှေ့ဘက် နှင့် မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းပေါ်ရှိ ပုသိမ်ကြီးမြို့နယ် လက်ကောင်း၊ သလဲကုန်းရွာထိပ်၌ စစ်တပ်၊ ရဲနှင့် ပျူစောထီး တို့ ပူးပေါင်းတပ်စွဲပြီး အစစ်အဆေး ပို၍ တင်းကျပ်လာကြောင်း ဒေသခံများကဆိုသည်။

ဇူလိုင် ၈ ရက်မှ စတင်၍ လက်နက်အပြည့်အစုံဖြင့် အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ အရှေ့ဘက်တွင် အင်အား ၅၀ ခန့်၊ သလဲကုန်းကျေးရွာထိပ်တွင် အင်အား ၃၀ ခန့်ထိ ရှိကြောင်း သိရသည်။

“မေမြို့အဆင်းတွေက မြို့ပတ်လမ်းအတိုင်း မသွားချင်ရင် လက်ကောင်းရွာထိပ်ကနေ ကွန်ကရစ်လမ်းအတိုင်း မြရည် နန္ဒာအိမ်ရာဘက်ကို ဖောက်ထွက်ပြီး လာကြတာများတယ်။ မြရည်နန္ဒာအိမ်ရာထိပ်ရောက်ရင် စက်မှုဘက်ပဲ ဖြစ်ဖြစ် မြို့ထဲကိုပဲဖြစ်ဖြစ် ဖြတ်လမ်းသဘောမျိုး သုံးတဲ့လမ်းပေါ့၊ လက်ကောင်းက လမ်းဆုံ မြို့ဝင်မြို့ထွက် ထွက်ပေါက်လို ဖြစ်နေတာ၊ အဲဒါကို ပိတ်ပြီး စစ်ဆေးနေတာမျိုးပေါ့” ဟု မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် နေထိုင်သူတဦးက ပြော သည်။

ထိုသို့ အစစ်အဆေးကို အကြောင်းပြ၍ ၎င်းတို့သည် ငွေတောင်းခံမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“ဒီဘက် အလုပ်သမားတွေ တော်တော်များများ မြို့ထဲကို အဲဒီလမ်းအတိုင်း သွားလာနေတာများတယ်၊ စည်ပင်က ကန့် သတ်ထားတဲ့ ထော်လာဂျီတွေ ဆိုက်တွဲတွေလည်း အဲဒီလမ်းကနေ သွားလာနေကြတာ။ ပြောရမယ်ဆိုရင် အောင်ပင် လယ်ထိပ်ကနေ ဆိုင်ကယ်ဖမ်းတဲ့အဖွဲ့တွေကို ရှောင်ကွင်းတာမျိုးပေါ့။ အခု သူတို့ စစ်တာဆေးတာတွေက အတော် ကြမ်းတော့ အကုန်လုံး စိတ်ညစ်ကြရတာပေါ့” ဟု ကျောက်ကားမောင်းသူတဦးက ပြောသည်။

ဇွန် ၂၅ ရက်မှ စတင်သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲများတွင် မန္တလေးမြို့မြောက်ဘက်ခြမ်းရှိ ပုသိမ်ကြီး မြို့နယ်အတွင်းထိ တိုက်ပွဲများဖြစ်ပွားလာမှုနှင့်အတူ ရှမ်းပြည်နယ် နောင်ချိုမြို့ကို တော်လှန်ရေးအင်အားစုများက အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် မန္တလေးမြို့ အဝင်အထွက်ကို စစ်ကောင်စီက လုံခြုံရေး ပိုမို တင်းကျပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြို့ဝင်မြို့ထွက် ဘီးခွန်နှင့် လမ်းအသုံးပြုခများ ကောက်ခံနေသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီပိုင် အောင်ပင်လယ်တိုးဂိတ်အား မန္တလေး-ပြင်ဦးလွင်လမ်းပေါ်ရှိ သလဲကုန်း ကျေးရွာအဝင်သို့ ပြောင်းရန် အသစ် ဆောက်လုပ်နေပြီး လက်ကောင်း၊ သလဲကုန်းကျေးရွာထိပ်မှ စစ်ဆေးရာ၌ ရွာခံများကိုပင် စစ်ဆေး၍ အကြောင်းအရာ မခိုင်လုံလျှင် ဒဏ်ပေးခြင်းများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

လက်ကောင်းရွာသားတဦးက “ကျနော်တို့ရွာက လမ်းရဲ့ ဘယ်ညာကပ်လျက်ပေါ့၊ ပြောရမယ်ဆိုရင် ရွာလယ်ကနေ မန္တလေး-မေမြို့လမ်းက ဖြတ်ထားတာမျိုးပေါ့၊ အရင်က လမ်းကူးပြီး ဒီအတိုင်း သွားလာနေကြတာ၊ အခု သူတို့ရောက် လာတော့ လမ်းဟိုဘက် ဒီဘက်ကူးတာတောင် တားပြီး စစ်ဆေးတယ်ဗျာ၊ ကိုယ့်ရွာထဲ လမ်းကူးပြီး သွားတာမှာ ခိုင် လုံတဲ့ အကြောင်းပြချက်မပေးနိုင်လို့ဆိုပြီး ကလေးတွေကို ထိုင်ထလုပ်ခိုင်းပြီး ဒဏ်ပေးတာမျိုးတွေပါ လုပ်နေကြတာ” ဟု ပြောသည်။

ထို့အတူ ညပိုင်းအချိန်များတွင်လည်း မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်း လာများအား တားဆီးစစ်ဆေးပြီး လူငယ်များကိုပစ်မှတ်ထား၍ ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မတ္တရာ၊ မိုးကုတ်တိုက်ပွဲများသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးမြို့အား တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်သောကြောင့် လုံခြုံရေး တင်းကျပ်မှုများအပြင် အင်အားဖြည့်တင်း ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ပြည်သူ့စစ်ခေါ် ပျူစောထီးများ၊ စစ်မှုထမ်း ဟောင်းများကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးအစပ်ကျေးရွာများအထိ တိုက်ပွဲများ ပြင်းထန်နေသဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)အခြေစိုက်သည့် မန္တလေးမြို့ထိ တိုက်ပွဲများ ရောက်ရှိမလာနိုင်စေရန်အတွက် ပုသိမ်ကြီးမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မတ္တရာမြို့၌ စစ်ကောင်စီကအင်အားအလုံးအရင်းဖြင့် ခံတပ်သဖွယ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသလို ပုသိမ်ကြီးမြို့နယ်တွင်လည်း လုံခြုံရေးတင်းကျပ်ကာ အထိုင်ချတပ်စွဲလျက်ရှိကြောင်း သိရသည်။

ထိုသို့ လုံခြုံရေး တင်းကျပ်ကာ အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်ပြီး မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ အရေးပေါ်အခြေအနေမျိုးမရှိသေးဟု မန္တလေးမြို့အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လို သူတဦး က ဧရာဝတီသို့ ပြောသည်။

မန္တလေးမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အရှေ့ဘက်ရှိ ၂၂ မိုင် ဇီးပင်ကြီး စစ်ဆေးရေးဂိတ်၊ ၁၆ မိုင် စစ်ဆေးရေးဂိတ်နှင့် မြောက်ဘက်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်တို့တွင် ဇွန် ၂၆ ရက်မှ စတင်ကာ ခရီးသွားပြည်သူများကို စစ်ဆေး၍ ကားများ အတွင်း ပိုက်စိပ်တိုက်ရှာဖွေခြင်းများနှင့်အတူ မြို့ပတ်လည် မြို့ပတ်လမ်းများပေါ်ထိ လုံခြုံရေး တင်းကျပ်ကာ ကင်းများ အထပ်ထပ် ချထားပြီး မြို့တွင်း၌ ကားများဖြင့်ပါ ပတ်ကင်းလှည့်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။

ထိုသို့သော အခြေအနေများကြောင့် မြို့ခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး ဘဏ်များတွင်လည်း ငွေထုတ်ယူသူများပြားနေသလို ဆန်၊ ဆီ စသည့် စားသုံးကုန်နှင့် ဆေးဝါးများကိုလည်း ဝယ်ယူမှု ပိုများနေကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့များကလည်း ညစဉ်နီးပါး ဧည့်စာရင်း စစ်ဆေးခြင်းများ ပြုလုပ်ကာ ဖမ်းဆီး ဒဏ်ရိုက်ခြင်းများကိုပါ ပြုလုပ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *