အပစ်ရပ်သည် ဆိုသော်လည်း လားရှိုး၌ ပစ်ခတ်မှုဆက်ရှိ

ရှမ်းမြောက်ဒေသ၌ ဇူလိုင် ၁၄ မှ ၁၈ ရက်အတွင်း ၄ရက်ကြာ အပစ်ရပ်မည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ကြေညာထားသော်လည်း လားရှိုးတွင်မူ တိုက်ပွဲများဖြစ်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး ထပ်မံ သေဆုံးခဲ့ရသည်ဟု လားရှိုး လူမှုကူညီရေး လုပ်ကိုင်နေသူများနှင့် မြို့ခံများထံက သိရသည်။

MNDAA ၏ တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် တရုတ် ကွန်မြူနစ်ပါတီ၏ မျက်နှာစုံညီအစည်းအဝေးကျင်းပမည့် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်ထိကာလအား ယာယီ အပစ်ရပ်ထားမည်ဟု ဆိုသော်လည်း တိုက်ပွဲများမှာ ယမန်နေ့ ကတည်းက မရပ်ဘဲ ယနေ့နံနက် ၁၀နာရီကျော်အထိ ရှိနေကြောင်း သိရသည်။

ယမန်နေ့က လားရှိုး အမှတ် ၁ ရပ်ကွက် မြို့အထွက် တပ်ဦးဘုန်းကြီးကျောင်းတွင်း လက်နက်ကြီးကျ၍ အရပ်သား ၃ ဦး သေဆုံးပြီး သံဃာတပါးနှင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့သလို ထိုညနေ၌ မယ်ဟန် စစ်တပ်ဂိတ် အနီး အမျိုးသား တဦး ပစ်သတ်ခံခဲ့ရသည်။ ညပိုင်းလက်နက်ကြီးကျ၍လည်း အမှတ် ၅ ရပ်ကွက်မှ အမျိုးသားနှစ်ဦး ထပ်မံ သေဆုံးရာ အပစ်ရပ်သည်ဆိုသော ထိုနေ့ တနေ့တည်းမှာပင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့သည်။

မယ်ဟန်ဂိတ်ဘက်အပါအဝင် အမှတ် ၅ ရပ်ကွက်နှင့်နီးသည့် ခမရ ၅၀၇ ဘက် ၌လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နယ်ငယ်သံများ ညဉ့်နက်အထိကြားရကြောင်း၊ တင့်ကားနှစ်စီးနှင့် စစ်ကားနှစ်စီး မြို့တွင်းသို့ အရှိန်ဖြင့် မောင်းဝင်လာခဲ့သည်ကိုလည်းတွေ့မြင်ရကြောင်း မြို့ခံအမျိုးသားတဦးက ပြောသည်။

အမှတ် ၇ ရပ်ကွက်မှ အမျိုးသားတဦးက “အိမ်ကတခြားသူတွေက အရင်ရက်ထဲက ရှောင်သွားပြီး။ ကျနော်က အိမ် စောင့်ကျန်နေခဲ့တာ။ ညကလည်း တိုက်ပွဲတွေဖြစ်၊ လက်နက်ကြီးကျလို့ သေတာတွေလည်းကြားရတော့ အခုမနက် ရှောင်လာခဲ့တာ။ အပစ်ရပ်ထားတာက ကျန်နေတဲ့သူတွေ ရှောင်နိုင်အောင် အချိန်ပေးတာလို့ ထင်တယ်။ သူတို့ပြော ထားတဲ့ သတ်မှတ်ရက်ကျော်ရင် မြို့ထဲမှာ အခုထက် ပိုးဆိုးမယ်လို့ထင်တယ်” ဟု ဆိုသည်။

လားရှိုးမြို့ အနီးဝန်ကျင်နှင့် မြို့တွင်းရှိ စစ်ကောင်စီတပ်များကို MNDAA နှင့်ပူးပေါင်းတပ်များက ဇူလိုင် ၃ ရက်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဇူလိုင် ၁၄ ရက်တွင်မူ ယာယီပစ်ရပ်ထားရန် MNDAA ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်နက်ကြီးပစ်ခတ်သံမှုများသည် ယနေ့ နံနက် ၁၀ နာရီကျော်ထိရှိနေသေးသည်ဟု သိရသည်။ လားရှိုးတွင် လက်နက်ကြီး ထိမှန်မှုများ၊ ပစ်ခတ်ခံရမှုများကြောင့် ဇူလိုင် ၁၅ ရက်အထိ အရပ်သား သေဆုံးမှု ၃၃ ဦးထက် မနည်းရှိနေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံက သိရသည်။

လားရှိုးတွင် တိုက်ပွဲစတင်ခဲ့သည့် ရက်ပိုင်းကတည်းက အရပ်သားသေဆုံးမှုများနှင့် မြို့တွင်း နေအိမ်များပေါ် လက်နက် ကြီးကျရောက်မှုများရှိနေသည့်အပြင် တိုက်ပွဲမှာမြို့တွင်းအထိ ရောက်ရှိလာသောကြောင့် ဇူလိုင် ဒုတိယအပတ်စ၍ မြို့ခံသောင်းနှင့်ချီ ရှောင်တိမ်းနေကြရာ မြို့ပေါ်၌ လူဦးရေအနည်းငယ်သာ ကျန်တော့ကြောင်း မြို့ခံများကပြောဆိုသည်။

လက်ရှိ လားရှိုးမြို့ထဲတွင် ကျန်နေခဲ့သူအများစုမှာ အိမ်စောင့်အဖြစ်ကျန်နေသူ၊ ငွေကြေးမတတ်နိုင်သူ၊ ရှောင်တိမ်းရန် နေရာမရှိသူပိုများပြီး တရက်ထက်တရက် အစားအသောက်များမှာလည်း ရှားပါးပြတ်လပ်လာကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စစ်ရှောင်ရန် ပိုမိုခက်ခဲနေကြသည်ဟု သိရသည်။

လားရှိုး၌ ကျန်နေသေးသည့် အမျိုးများစစ်ရှောင်နိုင်ရန် ကြိုပမ်းနေသည့် တောင်ကြီးမှ အမျိုးသားတဦးက “အမှတ် ၉ ရပ်ကွက်မှာ အမျိုးတွေ ကျန်နေတာ။ အစောပိုင်းရက်တွေ ရှောင်ဖို့က ကားခက တယောက်တယောက်ကို သိန်းချီဆို တော့ မတတ်နိုင်ဘူး။ အခုလည်း သူတို့ရှောင်နိုင်ဖို့ ပိုက်ဆံတွေရှာပြီး ဈေးသက်သာမယ့်ကားတွေ လိုက်မေးနေတာ” ဟု ပြောသည်။

လားရှိုးမြို့ပေါ်မှ စစ်ရှောင်ရာတွင် လားရှိုးမှ စဉ့်အင်ချောင်းကို ဖောင်ဖြင့် ကူးရသည့်လမ်းကြောင်းနှင့် လားရှိုး-ဟန်နား၊ နမ္မချောင်းကူးတံတားလမ်းပိုင်းများကို အများဆုံး အသုံးပြုနေကြပြီး လမ်းရီးမှာ ရက်ချီကြာအောင်စောင့်ဆိုင်းရခြင်းနှင့် လမ်းခရီးကြမ်းတမ်းခြင်းတို့ကြောင့် တချို့ကားများသည် တဦးလျှင် ကျပ် ၅ သိန်းမှ ၇ သိန်းအထိ တောင်းကြကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၁၆၉၇ ဦးရှိပြီး မြို့ပေါ် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၇၈ စုတို့ရှိကာ မြို့ပေါ် ၁၂ ရပ်ကွက်၌ အိမ်ထောင်စု ၂၅၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *