မန္တလေးနဲ့ မိုင်နှစ်ဆယ်အကွာမှာ တိုက်ပွဲတွေဖြစ်နေ

မန္တလေးမြို့နဲ့ ၁၇ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ် ကျောက်တံတားရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေ တာကြောင့် မန္တလေး-မတ္တရာလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက် မနေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က မနက် အစောကြီး လေးနာရီ၊ ငါးနာရီလောက်က စပြီး ကျောက်တံတားမှာ တိုက်ပွဲဖြစ်ကြတာ။ အဲဒါဖြစ်ပြီး ညကလေယာဉ်တွေနဲ့ တစ်ညလုံးနီးနီးပဲ။ ဗုံးတွေနဲ့ လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ်။ တစ်ညလုံးကြဲတယ်”

မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးသီးအလုံး လေးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Wetlet information network အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို မတ္တရာမြို့ပေါ်ကနေ စစ်အင်အားတွေ ထပ်ပို့ထားသလို တိုက်ပွဲကြောင့် မန္တလေး-မတ္တရာလမ်းကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်တုန်းကတော့ မတ္တရာနဲ့ မန္တလေး ဆိုင်ကယ်လေးတွေနဲ့ သွားလို့ရတယ်။ အခုက မတ္တရာကနေ ထွက်ပြီးတော့ ဘို့ကုန်းရောက်တာနဲ့ မန္တလေးကို ဆက်သွားလို့ မရတော့ဘူး။ အကုန်ပိတ်ထားတယ်။ ကျောက်တံတားမှာ လုံး၀ကိုသွားလို့မရတော့ဘူး။ အသင့်ပြင်နေပြီဆိုပြီး အကုန်လုံးကို ပြန်လွှတ်တာ”

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး “ နောက်ဆက်တွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တိုက်ပွဲတွေကြောင့် မတ္တရာမြို့နယ်ထဲက ဒေသခံ တစ်သောင်းခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်။ (ယခင်ပုံဟောင်း) (Citizen Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *