စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှေဖြင့် မြစ်အတွင်း မျောပါနေ (ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်သို့ လှေဖြင့် ထွက်ပြေးလာသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က အဝင်မခံဘဲ တားဆီး

ရခိုင်ပြည်မှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လှေဖြင့် ထွက်ပြေးလာသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖွဲ့က နိုင်ငံအတွင်းသို့ အဝင်မခံဘဲ တားဆီးလိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လှေဖြင့် နတ်မြစ်အတွင်း မျောနေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က နတ်မြစ်အတွင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ လှေဖြင့် ဝင်ရောက်လာသော မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် အဖွဲ့ဝင် ၆၆ ဦးကို ကြားဖြတ်တားဆီးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အဝင်မခံကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦးမှာ လှေဖြင့် ဘင်္ဂလားဒေ့ရှ်ကမ်းဘက်သို့ မကပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်နေရာ ၃ ခုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလာခဲ့ကြောင်း ၊ ဘင်္ဂလားဒေ့ရှ်က အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ထွက်ပြေးလျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီ လတွင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး၊ ယခု ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦး ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ၊ ဇူလိုင်လ ၁၁ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထပ်မံ ထွက်ပြေးခဲ့ကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့တွင်လည်း လှေဖြင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လုံး၀ လက်မခံတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *