ထိုင်းမှာ လုပ်ခလစာ တိုးပေးမှု မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အကျိုးခံစားရဖွယ် မရှိ

ထိုင်းအစိုးရက အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့ စီစဉ်ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရင်က လစာတိုးပေးမှုတွေမှာ အကျုံးမဝင် ဖြစ်ခဲ့ပြီး တောင်းဆိုနိုင်စွမ်းလည်း မရှိ ဖြစ်နေကြောင်း အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို အခုနှစ်အတွင်း နှစ်ကြိမ်တိုင် တိုးပေးခဲ့ပြီး နောက်ထပ်တစ်ကြိမ် တိုးပေးဖို့ ရှိနေပေမယ့် အလုပ်ရှင်တွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လစာ မတိုးပေးဘဲ ထားကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေဟာ သူတို့ရတဲ့ လစာတွေကို အိမ်ပြန်ပို့နေကြတာကြောင့် အနိမ့်ဆုံး လုပ်ခလစာ တိုးပေးမှုမှာ သူတို့ကို မထည့်သွင်းထားဘူးလို့ လုပ်ငန်းနယ်ပယ် ခေါင်းဆောင်တွေက ပြောဆို ထားပါတယ်။

ထိုင်းမှာ တည်နေရာနဲ့ အလုပ်အကိုင် အမျိုးအစားအလိုက် ရရှိကြတဲ့ အနိမ့်ဆုံး လုပ်ခလစာ ကွာခြားမှု ရှိပေမယ့် အခုတော့ တစ်ရက်ကို ဘတ် ၃၇၀ (၁၀ဒေါ်လာ) အထိ တိုးပေးဖို့ စီစဉ်ထားကြောင်း အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းလောက်ရှိပြီး အဲဒီပမာဏဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။

ထိုင်းအစိုးရက လုပ်ခလစာ တိုးပေးဖို့ စီစဉ်ထားပြီး လစာ မတိုးလာပေမယ့် မိသားစုအရေးအတွက် ထိုင်းမှာ အလုပ်ဆက်လုပ်နေရတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ ရှိနေပါတယ်။

ထိုင်းမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်အတိုင်း မဟုတ်ဘဲ တစ်ရက် ဘတ် ၂၀၀ လောက်နဲ့ အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိနေပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေမှာ တရားဝင် စာရွက်စာတမ်းတွေ မရှိတာကြောင့် သတ်မှတ်လစာအတိုင်း မရရှိတဲ့အပြင် တိုင်ကြားနိုင်စွမ်း မရှိ ဖြစ်နေတယ်လို့ ထိုင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလို ပြဿနာဟာ မဲဆောက်လို နယ်စပ်ဒေသတွေမှာ ပိုမိုဆိုးရွားနေပြီး အထည်ချုပ်လုပ်ငန်းတွေလို လုပ်ငန်းမျိုးတွေက မြန်မာအလုပ်သမားတွေကို ဈေးပေါပေါနဲ့ အလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ တစ်ရက်ကို ၃၆ ဘတ်လောက်ပဲ ရရှိတယ်လို့ သိရပါတယ်။

တရားဝင်အထောက်အထားရှိတဲ့ အလုပ်သမားတွေတောင် အလုပ်ရှင်တွေရဲ့ ရန်ပြုတာခံရမှာ စိုးရိမ်တာ၊ အလုပ်ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် မတိုင်ကြားဝံ့ဖြစ်နေကြပြီး တိုင်ကြားလိုက်ပါကလည်း စစ်ဆေးတဲ့ အချိန်က ကြာလွန်းနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Ref:RFA


Comments

Leave a Reply

Your email address will not be published. Required fields are marked *