မန္တလေးမြို့တွင်း ခံစစ်ပြင်ဆင်မှုအနေအထား သုံးသပ်ချက်

မန္တလေးတောင်ပေါ်ကို အတက်အဆင်း ပိတ်ထားပြီး တောင်ပေါ်က စျေးသည်တွေ စျေးရောင်းချခွင့်ပါ ပိတ်ထားတယ်။

တောင်ပေါ်မှာ လက်နက်ကြီး ၅ လက်လောက် တင်ထားဖို့ ရည်မှန်းထားတယ်။ တကယ်သာ တပ်ဆင်ထားရင် မြောက်ပြင်ဘက် (မတ္တရာလမ်း)က တက်လာသမျှကို အပေါ်စီးကနေ တည်ပစ်ပြီး အသာစီးယူထားလို့ရတယ်။

မြောက်ဘက်ကနေ မန္တလေးကို ဝင်လာနိုင်သမျှကို ဟန့်တားထားနိုင်ဖို့ ပထဝီအနေ အထားအရ မန္တလေးမြောက်ဘက်ပိုင်းမှာ အကောင်းဆုံး ခံစစ်ပြင်လို့ရတဲ့ အနေအထားတွေကို သဘာဝတရားက ဖန်တီးပေးထားတာတွေရှိနေပါတယ်။

မန္တလေးတောင်၊ ရန်ကင်းတောင်၊ စိန်ခနှောက်၊ မြခနှောက် တောင်တွေပေါ်မှာ လက်နက်ကြီးတွေနဲ့ စက်လက်နက်ကြီးတွေ တပ်ဆင်ပြီး ခံစစ်အသေနဲ့ အထိုင်ချပြီး အခိုင်အမာခံစစ်ပြင်လို့ရပါတယ်။

ဒါကို လက်ရှိ စကစဘက်က သိပါတယ်။

မြောက်ပြင်ဝင်ပေါက်ဖြစ်တဲ့ ကြံခင်းဘက်က ရဲစခန်းလည်း ဘန်ကာတွေ ဆောက်လုပ်ထားပြီး ရဲစခန်းကိုလည်း အခိုင်အမာဖြစ်အောင် ပြန်တည်ဆောက်နေတာတွေ ရှိပါတယ်။

မြို့ထဲဧရိယာမှာတော့ မြို့လယ်က အထပ်မြင့် ဟိုတယ်တွေ အဆောက်အဦးတွေ ပလာဇာတွေနဲ့ ကွန်ဒိုတိုက်တာ အဆောက်အဦးတွေပေါ်မှာ တပ်စွဲနေရာချထားမှုတွေကိုလည်း ပြင်ဆင်လာတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ နေရာယူခံစစ်ပြင်မယ့် အထပ်မြင့်အဆောက်အဦးတွေလည်း ရည်မှန်းထားတာတွေ ရှိနေပါတယ်။

မန်းမြန်မာပလာဇာ ၂၅ ထပ်ပေါ်၊ ၇၈-၃၃ လမ်းဒေါင့်က Ocean ပေါ်၊ ၇၈-၄၂ လမ်းဒေါင့် ခင်စောမူကွေ့နားရှိ အထပ်မြင့် ဟိုတယ်နဲ့ အဆောက်အဦးတွေပေါ်၊ မြို့တွင်းရှိ ခြံဝန်းကျယ် ဘုန်းကြီးကျောင်းများနှင့် အခြေအနေပေါ် မူတည်ပြီး နေရာယူလာနိုင်တဲ့ နေရာတွေဖြစ်တဲ့ ၈၄ လမ်းပေါ်က Grand Park အထပ်မြင့်ပေါ်၊ မြို့တွင်းရှိ ကွန်ဒိုအထပ်မြင့်များပေါ်တွင် နေရာယူပြီး Drone များ၊ Sniper သမားများ၊ စက်လက်နက်ကြီးများ၊ မော်တာ စိန်ပြောင်းပစ်များ တပ်ဆင်နေရာယူလာနိုင်ပြီး ထိုအပေါ်စီးနေရာများကနေ တစ်မြို့လုံးကို လွှမ်းခြုံပြီး ခံစစ်အသေနဲ့ အသာစီးယူထားနိုင်တာကိုလည်း တွေ့ရပါတယ်။

မြို့တွင်းထဲက မြို့နယ် ၇ မြို့နယ်လုံးရှိ ရဲစခန်းတိုင်းကိုလည်း အုတ်ရိုးတွေ အခိုင်အမာမြှင့်နေပြီး ဘန်ကာများ တည်ဆောက်ပြီး တချို့စခန်းတွေကို အဆောက်အဦးအသစ်တွေ ပြန်တည်ဆောက်နေတာကိုလည်း တွေ့ရပါတယ်။

ထို့အတူ ဧရာဝတီမြစ် အနောက်ဘက်ကနေ ဝင်လာနိုင်တဲ့ အစီအမံအတွက် ကမ်းနားလမ်း၊ ညောင်ကွဲဘုန်းကြီးကျောင်း၊ ကမ်းနားလမ်း ဇေယျာထွန်း စျေးတိုက်ခန်း အပေါ်ထပ်တွေမှာလည်း နေရာယူထားပြီး မြို့တွင်းထဲက Grand Park နဲ့ မန်းမြန်မာပလာဇာ အပေါ်ဆုံးထပ်များကနေ မန္တလေး အနောက်ဘက် မြစ်ကြောင်းတလျှောက်ကနေ ဝင်လာသမျှကို စီးမြင်နိုင်လို့ ထိုနေရာများကနေ လက်နက်ကြီး၊ စက်သေနတ်ကြီး၊ မော်တာစိန်ပြောင်း၊ Drone များဖြင့် ဝင်လာသမျှကို ခံစစ်သေ ဟန့်တားဖို့လည်း ရည်မှန်းထားပုံရပါတယ်။

မန္တလေး အရှေ့ခြမ်းပိုင်းအတွက် မြရည်နန္ဒာတိုက်ခန်း အပေါ်ဆုံးထပ်များ၊ တံခွန်တိုင် ကားကြီးဝန်းနားရှိ အထပ်မြင့် တိုက်ခန်းများပေါ်တွင် တပ်စွဲနေရာယူထားဖို့ ရည်မှန်းပြီး စစ်ကိုင်း၊ ကျောက်ဆည်ဘက်ကနေ ဝင်လာနိုင်မှုကိုတော့ ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတား ၂ စင်းကို ပိတ်ဆို့ပြီး (သို့မဟုတ်) မိုင်းခွဲ တံတားချိုးပြီး မန္တလေးဘက်အခြမ်းကနေ ခံစစ်အသေထိုင်ပြီး ခုခံဖို့အထိ ရည်မှန်းထားပုံလည်း ရပါတယ်။

တကယ်လို့ မန္တလေးကို အလုံးအရင်းနဲ့ဝင်ဖို့ ကြိုးစားလာရင် ပြင်ဦးလွင်ကို မရသေးဘဲ ဝင်ခဲ့ရင် အနီးစခန်းလေတပ်၊ မန္တလေးမြို့တွင်းရှိ တံတားဦးလေတပ်၊ မြို့တွင်းတွင် ၇၈ လမ်း Ocean ပေါ်တွင် ဟယ်လီကော်ပတာကွင်းဆင်းနိုင်မှု၊ နန်းတွင်းထဲတွင် ဟယ်လီကော်ပတာ ဆင်းသက်နိုင်မှု လက်နက်ကြီးပစ်ကူနိုင်မှု Drone လွှတ်တင်နိုင်မှု၊ ဆင်ဖြူကန်ကွင်း (ယခင် လေဆိပ်ဟောင်း)တွင် ဟယ်လီကော်ပတာနဲ့ Drone များ လွှတ်တင်နိုင်ခြင်း၊ မိတ္ထီလာလေတပ်၊ တောင်ငူလေတပ်များကနေ လေကြောင်းပစ်ကူများဟာ ယခု လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ ယခင် လောက်ကိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ နမ့်ဆန် တိုက်ပွဲများတွင် သုံးခဲ့တဲ့ လေကြောင်းပစ်ကူများထက် ပိုမိုများပြားနိုင်ပြီး ထိခိုက်သေဆုံး ပျက်ဆီးမှုများဟာလည်း ယခင်ထက် အဆပေါင်းများစွာ မြင့်မားနိုင်တယ်လို့လည်း ယူဆရပါတယ်။

ဒါ့ကြောင့် မန္တလေးကို ဝင်ဖို့ သိမ်းဖို့ဆိုရင် မဟာဗျူဟာသေချာချမှတ်ပြီး အထိခိုက် အသေအဆုံး အပျက်အစီးအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ သေချာစဉ်းစားပြီးမှပဲ လုပ်ကြဖို့ လိုပါလိမ့်မယ်။

ဒါ့ကြောင့် မန္တလေးအတွက်တော့ လာမည် ကြာပါအုန်းမည်လို့ပဲ သုံးသပ်မိပါတယ်။

Freelance Writer AZH


Comments

Leave a Reply

Your email address will not be published. Required fields are marked *