TNLA အပစ်ရပ်ထားသော်လည်း စစ်တပ် တိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲမြို့နယ်များ၌ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်( TNLA) မှတဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီသည် စစ်ကြောင်းထိုးခြင်း၊ TNLA တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်ဟု TNLA က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ရေ၀င်ရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ဇူလိုင် ၁၅ ရက် ညပိုင်း သဲခေါ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ထို့ပြင် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ်ရှိ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တပ်စခန်းများအနီးနှင့် နောင်ပိန်လေးရွာ၊ နတ်တောင်အနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှ ရေအေးရပ်ကွက်နှင့် ပန်းမကျေးရွာသို့ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ပြောသည်။

ဇူလိုင် ၁၄ ရက်ကလည်း ကျောက်မဲမြို့ထဲသို့ စစ်တပ်က လက်နက်ကြီး အလုံး ၃၀ ခန့်ပစ်ခတ်ခဲ့ရာ ရပ်ကွက် ၉ အတွင်း ကျရောက်ထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နမ့်ဟူးတောင်အထက်ကျေးရွာနေ အဘွားအိုတဦး သေဆုံးခဲ့ကြောင်း၊ သိန္နီမြို့ လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၄ ရက်ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် TNLA မှ ကြေညာထားသော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၂၅ ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲဖြစ်ပွားမှု ၂၁ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၆၇ ဦးသေဆုံးပြီး ၁၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ဓာတ်ပုံ-TNLA


Comments

Leave a Reply

Your email address will not be published. Required fields are marked *