KTV မှ ပြန်လာသော ဗိုလ်ကြီး ၁ ဦးကို Southern YSO PDF အဖွဲ့က အရှင် ဖမ်းဆီး

ပခုက္ကူမြို့တွင် KTV မှ ပြန်လာသော ဗိုလ်ကြီး ၁ ဦးကို Southern YSO PDF အဖွဲ့က အရှင် ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် KTV မှ ပြန်လာသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦးကို အရှင်ဖမ်းဆီး ရရှိခဲ့ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပခုက္ကူမြို့ စက်မှုဇုန် KTVမှ ပြန်လာသော သုံးပွင့်ဗိုလ်ကြီးဝင်းဇော်ကို Southern YSO PDF အဖွဲ့က အရှင်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးဝင်းဇော်သည် လက်ရှိ နေပြည်တော် အမှတ် ၂၃ တပ်မတော် ကုတင် (၂၅) ဆေးရုံတွင် တပ်ရေး/တပ်ထောက် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့ကို ခွင့်ရက်ဖြင့် ပြန်လာသူဖြစ်ကြောင်း၊ ဗိုလ်ကြီးဝင်းဇော်သည် ဗသက-ဗထူးမြို့ အမှတ်စဉ် ၁၁၂ တွင် သင်တန်းဆင်းပြီး လုပ်သက် ၂၄ နှစ်ရှိသူဖြစ်ကာ မိခင်တပ်ရင်းသည် ကလော ခလရ (၇) ဖြစ်ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ရှင်းပြသည်။

ဗိုလ်ကြီးဝင်းဇော် ထံမှ မှတ်ပုံတင် ၁ ခု ၊ အင်းဝဘဏ် ATM ကဒ်တစ်ခု (လစာထုတ်ယူရန်အသုံးပြုသည့် ကဒ်) ၊ Shayang 125 တစ်စီး ၊ ငွေကျပ် ၆၁၈,၀၀၀ ကျပ် ၊ ပိုက်ဆံအိတ် ၁ လုံး ၊ ဘေးလွယ်အိတ် ၁ လုံး နှင့် ဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်ကြီးဝင်းဇော် ကို စစ်သုံ့ပန်း ဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးဆောင်ရွတ်နေဆဲဖြစ်ကြောင်း၊ ၎င်းထံတွင် သေနတ်အတို ပါသည်ဟု သတင်းရ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *