လားရှိုးမြို့ကို MNDAA က အုပ်ချုပ်ရေးဖွဲ့စည်း

လားရှိုးမြို့ကို MNDAA က အုပ်ချုပ်ရေးဖွဲ့စည်းလိုက်ပြီး လာရှိုးမြို့တစ်ဝိုက်မှာ မဟာမိတ်တပ်ဖွဲ့‌တွေ တိုက်ပွဲ ဖော်ဆောင်ခွင့် တားမြစ်ထား

ရှမ်းမြောက် လာရှိုးမြို့ကို ကိုးကန့်တပ်မတော်- MNDAA က အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီး လားရှိုးမြို့တစ်ဝိုက်မှာ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ မဖော်ဆောင်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

၂၃ ရက်ကြာ လားရှိုး လွတ်မြောက်ရေး စစ်ဆင်ရေးအပြီးမှာ စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့ပြီး အောင်ပွဲ ရရှိခဲ့ကြောင်းနဲ့ လားရှိုးမြို့က အထူးဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ ကျရောက်ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေကို ဆောင်ရွက်သွားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် လာရှိုးမြို့တစ်ဝိုက် မဟာမိတ်တပ်တွေ တိုက်ပွဲမဖော်ဖို့ တားမြစ်ထားပြီး လူထုရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။

အလားတူ လူထုရဲ့ အကျိုးစီပွားတွေကို ထိခိုက်မှု ရှိလာရင် အရေးယူသွားမှာဖြစ်ပြီး ကိုးကန့်တပ်ရဲ့ ရဲဘော်တွေ ချမှတ်ထားတဲ့ စည်းကမ်း ချိုးဖောက်တာရှိရင် ရဲရဲဝံ့ဝံ့ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲတော့ ဆက်လက် ပြင်းထန်နေပါတယ်။

ကိုးကန့်တပ်ဟာ ရမခ ဌာနချုပ်ထဲ ဝင်ရောက်နိုင်ပြီ ဖြစ်ပေမဲ့ မြို့ပြင်က ကျန်ရှိနေတဲ့ ၆၈ တပ်နဲ့ မြို့တွင်းရှိ စစ်ကောင်စီတပ်သားတွေကို ကိုးကန့်တပ်ဘက်က ဆက်လက် တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စခန်းကုန်းတခုကို BPLA က သိမ်းပိုက်ပြီးစီးမှု

ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကုန်းတခုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က သိမ်းပိုက်ပြီးစီးတဲ့ မြင်ကွင်းကို ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အခိုင်အမာခြေကုပ်ထားတဲ့ စခန်းကုန်းတခုကို BPLA ရဲ့ တပ်ရင်း ၆၀၉ က သိမ်းပိုက်ပြီးစီးခဲ့တယ်လို့ BPLA က ဖော်ပြထားတာဖြစ်ပြီး ရုပ်သံထဲမှာ စကစ အများအပြား သေဆုံးနေတဲ့ အလောင်းတွေ ပျံ့ကြဲ‌နေတာကိုလည်း တွေ့မြင်ရပါတယ်။

လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ရမခ ရှိတဲ့ လာရှိုးမြို့ကို သိမ်းပိုက်နိုင်တာဟာ သမိုင်းဝင်အောင်ပွဲတခု ဖြစ်တယ်လို့လည်း MNDAA မှ သတင်းထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *